ထီးချိုင့် ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ တီဘီရောဂါ ကွင်းဆင်းရှာဖွေရေး အဖွဲ့နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ ထီးချိုင့်မြို့နယ်အတွင်း တီဘီရောဂါ ရှာဖွေ ဖော်ထုတ်ကုသခြင်းကို ဒီဇင်ဘာ (၁၃) ရက်နေ့မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ကူးစက်ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီး တီဘီရောဂါ တိုက်ဖျက်ရေး အဖွဲ့မှ ရွေ့လျား အဖွဲ့ခေါင်းဆောင် ဒေါက်တာ မျိုးမြင့်ထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကိုကိုနိုင်တို့မှ ဦးဆောင်၍ တီဘီရောဂါ ကင်းစင်ပပျောက်စေရေးတွင် ရည်ရွယ်ချက်တစ်ခု အပါအဝင်ဖြစ်သော မြို့ပြနှင့် အလှမ်းဝေးသော ကျေးလက်နေ ပြည်သူများ၏ တီဘီရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ် ကုသနိုင်ရေးအတွက် ရွေ့လျားဓါတ်မှန်စက်များနှင့် ဓါတ်ခွဲမှူးများအပါအဝင် ကွင်းဆင်း၍ ရှာဖွေဖော်ထုတ် ကုသခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းရာတွင် ကျောက်အိုက်အုပ်စုအတွင်းရှိ ကွမ်းတုံကျေးရွာ၊ ကြက်တကောင်အုပ်စု၊ ကမ်းနီအုပ်စု၊ မောင်းကုန်း အုပ်စုနှင့် ဆင်ဖြူဆိပ်အုပ်စုတို့မှ ကျေးရွာများရှိ ကျေးလက်နေပြည်သူ များအား ကျန်းမာရေး စစ်ဆေးပေးခဲ့ရာတွင် ဓါတ်မှန်ရိုက် (၇၂၈)ဦးနှင့် သလိပ်စစ် (၁၀၄)ဦးတို့အား တီဘီရောဂါ ရှိ/မရှိ စစ်ဆေးပေးရာ တီဘီဆေးသောက်ရသူ စုစုပေါင်း (၂၅)ဦး ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)