ဘားအံမြို့နယ်၌ ၇ လအတွင်း ကိုဗစ် ၁၉ ဓါတ်ခွဲအတည်ပြုလူနာ ၄၇၄ ဦးရှိပြီး သေဆုံးသူ ၉ ဦးရှိ

ဘားအံ ဒီဇင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မေလ ၁၈ ရက်နေ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့ထိ ၇ လအတွင်း အခြား မြို့နယ်၊ ပြည်နယ်၊ တိုင်းများတွင် ဘားအံလိပ်စာဖြင့် ပိုးတွေ့သူ ၅ ဦးအပါအဝင်  ကိုဗစ် ၁၉ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၇၄ ဦးရှိခဲ့ပြီး ၉ ဦးသေဆုံးခဲ့ကာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံဆင်းလူနာပေါင်း ၄၅၆ ဦးနှင့် ဆေကုသမှုခံယူနေသူ  ၆၀ ဦးခန့် ရှိနေသေးကြောင်း  ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဘားအံမြို့နယ် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ စောင့်ကြည့်ရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီအနေဖြင့်  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆေးရုံအခြေပြုနှင့်ပြည်သူလူထု အခြေပြုစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများအနေဖြင့် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့မှုရှိသူ များကို ဓာတ်ခွဲ စစ်ဆေးပေးခြင်း၊ Quarantine Center များသို့ပို့ဆောင်ပေးခြင်း၊ ပိုးတွေ့လူနာများ နေထိုင်ခဲ့သည့် နေအိမ်၊ လမ်းနှင့် ပတ်ဝန်းကျင်ကို အသွားအလာကန့်သတ်ခြင်း၊ မြို့နယ်၏ဝင်/ထွက်ဂိတ်များတွင် ကုန်တင်ယာဉ်မောင်း/ ယာဉ်နောက်လိုက် များနှင့် ဘားအံ တောင်ကလေးအကျဉ်းထောင်တွင် ထိန်းသိမ်းထားရှိမည့် အကျဉ်းသားအသစ်/ အချုပ်သား အသစ်များ အား RDT test kit ဖြင့် ကိုဗစ် ၁၉ ပိုးရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အသိပညာပေးခြင်း၊ စည်းကမ်းချက်များ၊ ညွှန်ကြားချက်များ ထုတ်ပြန်ပေးခြင်း၊ လိုက်နာဆောင်ရွက်မှုရှိမရှိကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် လိုအပ်ပါက အရေးယူဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသော်လည်း ရောဂါကူးစက်ဖြစ်ပွားမှုကို မြင်တွေ့နေရဆဲဖြစ်သည်။

ဘားအံမြို့နယ် ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ စောင့်ကြည့်ရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ အဖွဲ့ဝင်၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးလှိုင်ကျော်စိုးက“ကိုဗစ် ၁၉ ရောဂါကူးစက်ဖြစ်ပွားမှု ရက်ရှည်လာတာနဲ့အမျှ ပိုးတွေ့လူနာ တွေကိုလည်း တိုးပြီးတော့မြင်တွေ့လာရပါတယ်၊ လက်ရှိအချိန်မှာ ကာကွယ်ဆေး၊ကုသဆေး မပေါ်ပေါက်သေးတဲ့အတွက် မြို့သူမြို့သားများအားလုံး မလိုအပ်ဘဲနဲ့အပြင်မထွက်ကြပါနဲ့၊ မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်နယ်အစိုးရနဲ့ မြို့နယ်ကိုဗစ်ကော်မတီတို့ရဲ့ ထုတ်ပြန်ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာပေးကြပါ၊ တစ်ဦးတစ်ယောက်ချင်းစီကာကွယ်ရင်းနဲ့ဘဲ ကျွန်တော်တို့မိသားစု၊ ကျွန်တော်တို့မြို့နယ်၊ ပြည်နယ်နဲ့ တစ်နိုင်ငံလုံးကို ကာကွယ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ” ဟု ပြောသည်။

“လူတွေကလည်း ကိုဗစ် ၁၉ ကို မေ့နေကြပြီလား မကြောက်ကြတော့တာလားတော့မသိဘူး၊ တစ်ချို့ဆို Mask တပ်တာလည်းမတွေ့ရဘူး၊ တစ်ဦးနဲ့တစ်ဦးလည်း ခြောက်ပေအကွာတွေမရှိတော့ဘူး တိုးတိုးဝှေ့ဝှေ့တွေဖြစ်လာတယ်၊ အဲဒါတွေကြောင့် ကျမတို့တွေ အခြေအနေဆိုးကို အချိန်မရွေး ကြုံတွေ့သွားနိုင်ပါတယ်၊ အဲဒါကြောင့်မို့ ကျမပြောချင်တာ ကတော့ အဓိကအနေနဲ့ Mask တပ်ပါ၊ လက်ကိုခဏခဏဆေးကြပါ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ ခြောက်ပေခြားနေဖို့ လည်း လိုပါတယ်၊ တစ်စုံတစ်ခုများ ဖြစ်ခဲ့မယ်ဆိုရင် နီးစပ်ရာကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံကို သွားပြီးတော့ပြကြပါ၊ အဲဒီမှာ သံသယရှိခဲ့မယ်ဆိုရင် နှာခေါင်းတို့ဖက်ယူပြီး စစ်ဆေးပေးမှာဖြစ်ပါတယ်၊  ရောဂါအခံရှိသူတွေ၊ အသက်ကြီးပိုင်း တွေကို သာ ကူးစက်ခံခဲ့ရမယ်ဆိုရင် ပိုပြီးအသက်အန္တရာယ်ရှိတဲ့အတွက် ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျည်းစည်းကမ်းတွေအတိုင်း လိုက်နာပေးကြပါလို့  ဘားအံမြို့နေလူထုကို ပြောချင်ပါတယ်” ဟု ဘားအံပြည်သူ့ဆေးရုံမှ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။

ဘားအံမြို့နယ်တွင် ကိုဗစ် ၁၉ ကုသရေးစင်တာများကို ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၊ ကုတင်(၅၀)ဆံ တိုင်းရင်းဆေးရုံနှင့် ဘားအံပညာရေးကောလိပ်တို့တွင် ဖွင့်လှစ်ထားပြီး အထူးကြပ်မတ်ကုသဆောင်ရွက်ပေးလျက်ရှိကာ ကရင်ပြည်နယ်တစ်ခုလုံးအနေဖြင့် ဒီဇင်ဘာလ ၁၈ ရက်နေ့ထိ ဓါတ်ခွဲအတည်ပြုလူနာပေါင်း ၁၁၉၉ ဦး ရှိပြီဖြစ်ကြောင်း ကရင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)