ကြည့်မြင်တိုင်မြို့နယ်ရှိ စားဝတ်​နေ​ရေးခက်ခဲ​သော အိမ်​ထောင်စုများအား We Love Kyeemyindine အဖွဲ့မှ စား​သောက်ကုန်များ လှူဒါန်း

ကြည့်မြင်တိုင် ဒီဇင်ဘာ ၂၀

ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စုများအား We Love Kyeemyindine အဖွဲ့က စားသောက်ကုန်များ အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခြင်းကို ယမန်နေ့က ကြည့်မြင်တိုင်မြို့နယ် အနောက်ဘက်ခြမ်း၊ လှိုင်မြစ်တစ်ဘက်ရှိ ဝါးရုံဆိပ်ရပ်ကွက်အုပ်စု အပိုင် ငါးနံပတ်ကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၂၀)သို့ စား​သောက်ကုန်များကို လှူဒါန်း​ပေးခဲ့​ကြောင်း သိရသည်။

ထိုသို့လှူဒါန်းပေးရာတွင် အိမ်ထောင်စု (၁)စုလျှင် ဆန်(၆)ပြည် (၁)အိတ်၊ ဆီ (၅၀)ကျပ်သား၊ ငါးသေတ္တာဘူး၊ ခေါက်ဆွဲခြောက်ထုပ် အစရှိသော စားသောက်ကုန်များကို အိမ်ထောင်စု(၁၂၀)စုအား မြို့နယ်လွှတ်​တော်ကိုယ်စားလှယ်များ၊  We  Love Kyeemyindine အဖွဲ့မှ အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြသည်။
အဆိုပါ လှူဒါန်းမှုကို We Love Yangon လူထုအခြေပြု ပရဟိတ အသင်းကြီး၏ အဖွဲ့ခွဲ We Love Yangon –  We  Love Kyeemyindine  အဖွဲ့က ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေး ခက်ခဲ၍ အလုပ်အကိုင်အခွင့်အလမ်းရှားပါးသော အိမ်ထောင်စုများအတွက် အလှူရှင်များက လှူဒါန်းသော စားနပ်ရိက္ခာများကို မျှဝေလှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)