စေတုတ္တရာ ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွား စေရေးနှင့်ကြိုတင် ကာကွယ်ရေး အတွက် ယနေ့နံနက် (၇)နာရီအချိန်က မြို့နယ်စည်ပင်သာယာဈေးရှိ ဈေးရောင်း / ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါတားဆီးကာကွယ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် (NGO) အဖွဲ့ဝင်များ ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာဈေးရှိ ဈေးရောင်း/ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း (Mask)များ တပ်ဆပ်ပြီး မှသာ ဈေးရောင်း/ဈေးဝယ် ပြုလုပ်ကြရန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားသော နေရာများ၌သာ ဈေးရောင်း/ဈေးဝယ်ပြုလုပ်ကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပေးထုတ်ပြန်ချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပညာ ပေးဟောပြောခဲ့ပြီး နှာခေါင်းစည်း(Mask)များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
စေတုတ္တရာမြို့နယ် ကိုဗစ်-၁၉ရောဂါတားဆီးကာကွယ်ရေးနှင် အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါတားဆီးကာကွယ်ရေးအတွက် မြို့အဝင်အထွက်ဂိတ်ဖွင့်လှစ်ကာ အဝင်အထွက် စနစ်တကျစစ်ဆေးဆောင်ရွက်ခြင်း၊ နှာခေါင်းစည်း Mask Campaignများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း တို့အပြင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများ နှာခေါင်းစည်း (Mask)များ တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေး ခြင်းနှင့် တပ်ဆင်သူ/မတပ်ဆင်သူဦးရေ စာရင်း ကောက်ယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)