ကွမ်းခြံကုန်း ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ကန်လျားရှည်ကျေးရွာတွင် လောင်စာချွေ တာ အသုံးပြုနိုင်သည့် မီးဖိုပြုလုပ်သည့် သင်တန်းကို World view International Foundation (WIF) အဖွဲ့မှ ကျေးရွာ မူကြိုကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ယခုလ (၁၈)ရက် နေ့က ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်း ဖွင့်လှစ်ပွဲသို့ (WIF)အဖွဲ့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျေးရွာ(၉)ရွာမှ သင်တန်းသူ/သင်တန်းသားများတက်ရောက်ခဲ့ပြီး (WIF) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လောင်စာခြွေ မီးဖို ပြုလုပ်မှုကို သင်တန်းဆရာများက လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။ အဆိုပါသင်တန်းကို (၂) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် သစ်တောသစ်ပင် ပြုန်းတီးမှု မရှိစေရေးထင်းသုံးစွဲမှု လျော့ကျစေရန် နည်းပညာအသုံးပြု လောင်စာ ချွေတာမီးဖိုများကို ကျေးလက်နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း (WIF)အဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)