သန်လျင်မြို့နယ် ကြက်ခြေနီအသင်းခွဲသို့ အသက်ကယ်အောက်ဆီဂျင်အိုးနှင့် လူနာတင် ယာဉ် တစ်စီးလှူဒါန်း

သန်လျင် ဒီဇင်ဘာ ၂၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကြက်ခြေနီအသင်းခွဲ၏ လူမှုဂရုဏလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် နှစ်ဖက်မိဘများအားအမှုထား၍ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာ၊ နယ်မြေ (၁၅)၊ တောရကျောင်းလမ်းနေ အလှူရှင် ဦးဇော်ဝင်း (ဇနီး) ဒေါ်ချောစုလှိုင်၊ (သား) မောင်ဇော်ပိုင်ထက် (သမီး) မအိမ့်ချစ်ပိုင် မိသားစုမှ သားဖြစ်သူ မောင်ဇော်ပိုင်ထက် (၁၉) နှစ်ပြည့် မွေးနေ့အလှူအဖြစ် မြို့နယ်ကြက်ခြေနီအသင်းခွဲအား အသက်ကယ် အောက်ဆီဂျင်အိုးနှင့် AMBULANCE လူနာတင်ယာဉ် တစ်စီး ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ စတုဘုမ္မိက မဟာသတိပဌာန်ကျောင်းတိုက်၌ ကျင်းပသည်။

လှူဒါန်းပွဲအခမ်းအနားတွင် သန်လျင်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးဆန်းလင်းနိုင်က မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ လူမှုဂရုဏလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်း လျှောက်ထား၍ အလှူရှင်မိသားစုမှ အသက်ကယ် အောက်ဆီဂျင်အိုး များနှင့် လူနာတင်ယာဉ်တစ်စီးအား ကြက်ခြေနီအသင်းခွဲထံသို့ ပေးအပ်လှူဒါန်းရခြင်းအား ရှင်းလင်းပြောကြားသည်။

ထို့နောက် သန်လျင်မြို့နယ် ကြက်ခြေနီအသင်းခွဲသို့ အသက်ကယ် အောက်ဆီဂျင်အိုး ၆ လုံး၊ လူနာတင်ယာဉ် ၁ စီးနှင့် သက်ဆိုင်သော ပိုင်ဆိုင်မှုစာရွက်စာတမ်းများအား လွဲပြောင်းပေး အပ်ရာ သန်လျင်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဆန်းလင်းနိုင်က လက်ခံရယူပြီး အလှူရှင် မိသားစုအား ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ အသက်ကယ် အောက်ဆီဂျင်အိုးနှင့် လူနာတင်ယာဉ်တစ်စီး ပေးအပ်လှူဒါန်းခြင်း အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ် (၁၉) ကာလ ထုတ်ပြန်ထားသော စည်ကမ်းများနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)