ဆိပ်ဖြူ ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန ၊ တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၅)က တာဝန်ယူတည်ဆောက်မည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တံတား(၁၁)စင်းအတွက် လိုအပ်သော တံတား တည်ဆောက်ရေး ပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ် အိတ်ဖွင့်တင်ဒါဖွင့်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ဆောင်ရွက်သည်။
၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး တွင်နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တို့၏ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း ချောင်းကူးတံတား(၁၁)စင်းအိတ်ဖွင့်တင်ဒါဖွင့်ပွဲ ခမ်းအနားကို သက်ဆိုင်ရာမြို့နယ်များက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားများနှင့် ဌာနဆိုင်ရာများ ၊ ၊တည်ဆောက်ရေးအဖွဲ့(၂) ၊တံတားအထူးအဖွဲ့(၅)မှ ဒုတိယညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ တံတား တည်ဆောက်ရေး လုပ်ငန်းများတွင် လုပ်ငန်းသုံးပစ္စည်းများ တင်ပို့ရောင်းချမည့် လုပ်ငန်းရှင်များ တက်ရောက်သည်။
အဆိုပါအခမ်းအနားတွင် မင်းဘူးမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းနှင့် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂) ၊တံတားအထူးအဖွဲ့(၅)မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ညိုတို့က အိတ်ဖွင့်တင်ဒါဆောင်ရွက်ရခြင်း လုပ်ငန်းများကိုလည်းကောင်း ၊အိတ်ဖွင့်တင်ဒါ စီစစ်ရေးအဖွဲ့က လုပ်ငန်းရှင်များလျှောက်ထားတင်သွင်းလာသည့် လျှောက်လွှာများနှင့် တင်ဒါစည်းမျဉ်းစည်းကမ်းများကို ချပြရှင်လင်းပြောကြားခဲ့သည် ။ ထို့နောက် တင်ဒါဝင်ရောက်ယှဉ်ပြိုင်မည့် လုပ်ငန်းရှင်များက သိရှိလိုသည်များပြန်လည်မေးမြန်းကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့သည်။ ၎င်းနောက် တင်ဒါလျှောက်လွှာ စည်းကမ်းအချက်အလက်များနှင့် ပြည့်စုံသည့် လုပ်ငန်းရှင်က တံတား(၁၁)စင်း တည်ဆောက်ရေး လုပ်ငန်းများအတွက် ပစ္စည်းတင်ပို့ခွင့် ၊သယ်ယူပို့ဆောင်ခွင့်များကို ဈေးပြိုင်စနစ်ဖြင့် ယှဉ်ပြိုင်ကြပြီး တင်ဒါအောင်မြင်သူများကို အိတ်ဖွင့်တင်ဒါစိစစ်ရေး အဖွဲ့က ထုတ်ပြန်ကြေညာပေးခဲ့ကြောင်းသိရှိရသည်။
စိုးလင်းနိုင်(IPRD)