တိုက်ကြီး ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ဥတို)၌ ကျင်းပသည်။
ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ဥတို)မှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က ကလေးအလုပ်သမားများ ပေါ်ပေါက်လာရသည့် အခြေခံအကြောင်းရင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်း၊ ပြဋ္ဌာန်းချက်များကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် သုတ၊ ရသစာအုပ်များကိုပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)