လှည်းကူး သြဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့မရပ်ကွက်ရှိ အောင်သုခအခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က လူငယ်နှင့်ဗလငယ်တန်ဖွံ့ဖြိုးရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သည့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်းနှင့် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (လှည်းကူး)