မင်္ဂလာတောင်ညွန့် ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်က သာယာကုန်းရပ်ကွက်၊ မအူကုန်းစည်ပင်သာယာဝန်ထမ်းအိမ်ရာဝင်း၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် မြို့နယ်လဝကမှူး ဒေါ်ဌေးဌေးအောင် ဦးဆောင်၍ ဝန်ထမ်းများသည် သာယာကုန်းရပ်ကွက်၊ မအူကုန်းစည်ပင်သာယာအိမ်ရာ ဝန်းဓမ္မာရုံတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအားအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သန်းလှိုင်တို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြပါသည်။
ထိုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက် ၁၆-၁၈ နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများနှင့် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများ၊ အိမ်ထောင်စုစာရင်းမရှိ သေအားသူများ၊ ဧည့်စာရင်းဖြင့် နေထိုင်သူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြတ်မြတ်အေး (ပြန်/ဆက်)