ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးလမ်းပေါ်တွင် ပေ(၃၀)အရှည် ကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်      ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မဲသမူးကျေးရွာနှင့် မဲသမူးခီးကျေးရွာချင်းဆက်လမ်းပေါ်တွင် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ပေ(၃၀)အရှည်ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်မနှင့်ပြည်နယ်များအကြား ဟန်ချက်ညီညီတစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေး အတွက် နယ်စပ်ဒေသများရှိ တိုင်းရင်းသားပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်ပြီး ဦးစားပေး ဆောင်ရွက်လျက်ရှိရာ မဲသမူး-မဲသမူးခီးကျေးရွာ ချင်းဆက်လမ်းပေါ်တွင် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံ ငွေကျပ်(၅၁.၄၂၀) သန်းဖြင့် ပေ(၃၀)အရှည်တံတား တည်ဆောက်ပြီးစီးပါက နယ်စပ်အစွန်အဖျားရှိ ကျေး ရွာနေပြည်သူများအတွက် ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မည်ဖြစ်ပြီး စီးပွားရေး၊ လူမှုရေးနှင့်ပညာရေးကဏ္ဍများတွင် အဘက်ဘက်မှ တိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)