ရန်ကင်း ဩဂုတ် ၁၉
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ဩဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ စာရေးဆရာများ၊ မြို့မိမြို့ဖများက ကျောင်းအတွင်း ခင်းကျင်းပြသထားသည့် ဂိမ်းကစားပြိုင်ပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြပွဲများ၊ ကာယ၊ ဉာဏပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို အဆိုပါကျောင်းရှိ ရှေ့ဆောင်ခန်းမ၌ ကျင်းပရာ အ.လ.က(၄)ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင် ကျောင်းအခြေပြု ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားများ ဆောင်ရွက်ပေးနေခြင်းဖြင့် အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များကို ဗလငါးတန်ပြည့်စုံစေရေး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ စာပေကို အလေးထားတန်ဖိုးထားပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြားတတ်စေရေး၊ စာကြည့်တိုက်များနှင့် ယဉ်ပါးလာပြီး စာဖတ်ခြင်း၊ ဗဟုသုတရှာဖွေခြင်း စသည့်အလေ့အထများတွင် ပျော်မွေ့လာစေရန်၊ အသိပညာဗဟုသုတရှာမှီးနိုင်ရန် ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ၊ ရပ်ရွာစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ယခုလို အလေးထားဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်စာပေဟောပြောပွဲကို ကျင်းပခဲ့ရာ စာရေးဆရာမောင်မြတ်နိုး (ရန်ကင်း) က စာအုပ်စာပေလူ့မိတ်ဆွေခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမပေါက်ပေါက်က စာဖတ်ရှိန်မြှင့်တင်ရေး ပြည်သူအားလုံးပါဝင်ပေးခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာပေဟောပြောပွဲနှင့် နံရံကပ်ပြခန်းများ၊ စာအုပ်ပြပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ကာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)