ရန်ကုန် ဒီဇင်ဘာ ၂၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ စီစဉ်သော ရန်ကုန်မြစ်တွင်းတစ်လျှောက်ရှိ နေဝင်ချိန်ဆည်းဆာအလှများ ကြည့်ရှုခံစားနိုင်ရန် ရည်ရွယ်ကာ နှစ်ထပ်အပျော်စီးသင်္ဘောခရီးစဉ်-ခရီးသွားမြှင့်တင်ရေးကဏ္ဍ ခရီးစဉ်စမ်းသပ်စတင်ပြေးဆွဲ သည့် အထိမ်းအမှတ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ ပန်းဆိုးတန်းဆိပ်ကမ်းအနီးရှိ ကျန်းမာရေးဆိပ်ကမ်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဥ္စာမျိုးနှင့် တာဝန်ရှိသူများ၊ ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနှောင်းနှောင်းဟန်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က စတင်ပြေးဆွဲသည့် ခရီးစဉ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြ သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သင်္ဘောအတွင်း ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များအညီ ဆောင်ရွက်ထားမှုများကို လိုက်လံ ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အဆိုပါ အပျော်စီးသင်္ဘောပေါ်တွင် ခရီးသည် ၁၂၀ လိုက်ပါစီးနင်းနိုင်သော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ခရီးသည် ၃၀ ဦးကိုသာ တင်ဆောင်ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ ခရီးသည်များအတွက် လာမည့် ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်)နေ့ ညနေပိုင်းခရီးစဉ်အား စတင်ပြေးဆွဲမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်နေ့ ညနေပိုင်းခရီးစဉ်များကိုလည်း ပြေးဆွဲပေးရန် လျာထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနှောင်းနှောင်းဟန် ပြောကြားရာတွင် “အပန်းဖြေ ခရီးစဉ်ဖြစ်သဖြင့် အပန်းဖြေခရီးသည်များ စိတ်ချမ်းသာစွာ စီးနိုင်ရန်စီစဉ်ထားပါကြောင်း၊ Social Distancing နှင့်အညီလည်း ဆောင်ရွက်ထားပြီး လိုက်ပါစီးနင်းကြသည့် ခရီးသည်များ လေကောင်း၊ လေသန့်လည်းရအောင် သင်္ဘောရဲ့ အပေါ်ထပ်မှာ ထိုင်ခုံများစီစဉ်ထားကာ တစ်နေရာနှင့်တစ်နေရာ ချဲထားပါကြောင်း၊ ခရစ္စမတ်နေ့မှစ၍ ခရီးသည်များအား ပြေးဆွဲပေးမှာဖြစ်ပြီး ခရီးသည်များ စိတ်ဝင်စား ၍ တောင်းဆိုတယ်ဆိုရင် တောင်းဆိုသလောက်ကို စနေနဲ့ တနင်္ဂနွေနေ့တွေကို အပတ်စဉ် ပြေးဆွဲပေး မည်ဖြစ်ကြောင်း ထိုင်ခုံလက်မှတ်နှုန်းထားခကို တစ်ဦးလျှင် တစ်သောင်းခွဲ ယာယီသတ်မှတ် ထားပြီး စီးလာသူများလာသည့်နှင့်အမျှ စျေးနှုန်းလျော့သွားမည်ဖြစ်ကြောင်း၊ အဆိုပါ စျေးနှုန်းထဲတွင် ခရီးသည် များအတွက် အစာပြေစားဖို့ မှုန့်နှင့်စားသောက်ဖွယ်ရာများလည်း စီစဉ်ထားပါကြောင်း ခရီး သည်များ စိတ်ချမ်းသာစွာ စီးနင်းနိုင်အောင် စီစဉ်ဆောင်ရွက်ထားပါကြောင်း” ပြောကြားခဲ့သည်။
အပျော်စီးသင်္ဘောခရီးစဉ်တွင် လိုက်ပါစီးနင်းမည့် ခရီးသည်များသည် ညနေ ၃ နာရီ ၄၅ မိနစ်တွင် သင်္ဘောပေါ် တက်ရောက်ကြရမည်ဖြစ်ပြီး ညနေ ၃ နာရီခွဲတွင် ကောင်းတာပိတ်မည်ဖြစ်သည်။ ပြေးဆွဲ မည့် ခရီးစဉ်မှာ ကျန်းမာရေးဆိပ်ကမ်းမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ဗိုလ်တထောင် ဘုရားအနီးတစ်ဝိုက်၊ ထိုမှတစ်ဆင့် သန်လျင်စွန်းတစ်လျှောက် ရန်ကုန်မြစ်အတိုင်း ပြေးဆွဲကာ တွံတေးမြစ်ဝရှိ မြစ်သုံးဆိုင်နေရာ၊ ထိုမှတစ်ဆင့် ကြည့်မြင်တိုင် ကမ်းနားတစ်လျှောက်၊ ဘုရင့်နောင် တံတားအနီးထိ ပြေးဆွဲပြီး ကျန်းမာရေးဆိပ်ကမ်းသို့ ပြန်လည်မောင်းနှင်းလာမည်ဖြစ် ကြောင်း ခရီသည် များအနေဖြင့် နေဝင်ချိန်ဆည်းဆာအလှများကို လေကောင်းလေသန့်များ ရှူရိုက်ရင်း အပျော်စီး သင်္ဘောပေါ်မှ စိတ်ချမ်းသာစွာ ကြည့်ရှုခံစားကာ၊ ကျန်းမာရေးစည်းကမ်းများနှင့်အညီ စီးနင်းပါ ကြောင်း သိရှိရသည်။
အောင်မြင့်( ပြန်/ဆက်)