သဲကုန်း ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦး၊ သဲကုန်းမြို့နယ် ဆည်မြောင်းဦးစီးဌာန SAE ဦးဝင်းဌေးနှင့် တာဝန်ရှိသူများ၊ ကျေးရွာသူ ကျေးရွာသားများသည် ယမန်နေ့က သဲကုန်းမြို့နယ် မီးလောင်ချောင်းတမံပြုပြင်ရန်နှင့် ဝဲကြီးချောင်း ကမ်းပါးပြိုကျပျက်စီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦးမှ "မကြာခင် ဆောင်ရွက်တော့မည့် သဲကုန်းမြို့နယ် ပုတီးကုန်းတိုက်နယ် သပြေလှအုပ်စု၊ မီးလောင်ချောင်းတမံ ပြုပြင်ရန်နှင့် ရင်းတိုက်မှော်ကျေးရွာအုပ်စု သခွတ်ချောင်းရွာထိပ် ဝဲကြီးချောင်းကမ်းပါးပြိုကျပျက်စီးနေမှု ကို ကမ်းထိန်းနံရံပြုလုပ်ပေးတော့မည်ဖြစ်တာကြောင့် ယခုလိုကြိုတင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးရ ခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများအနေနှင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း" ပြောကြားခဲ့သည်။
ထို့နောက် အဆိုပါကွင်းဆင်းအဖွဲ့သည် ဒေသမှ လိုအပ်သော ကဏ္ဍများ၊ သတင်းအချက်အလက်များကို နား ထောင်ပေးခဲ့ပြီး ဒေသခံများကလည်း လုပ်ငန်းခွင်၌ ဌာန၏ လိုအပ်မှုများရှိခဲ့ပါက အပြည့်အဝကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)