ပန်းဘဲတန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဒုတိယနေ့သရုပ်ပြပွဲဆောင်ရွက်

ပန်းဘဲတန်း ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဒုတိယနေ့ သရုပ်ပြပွဲဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးသိန်းလင်းအောင်က အမှာစကားပြောကြားပြီးနောက် သင်တန်းနည်းပြများ၊ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း တက်ရောက်ပြီးသူ သင်တန်းသားများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးခြင်းရည်ရွယ်ချက်များနှင့် ဆန္ဒပြုခန်းအတွင်း မဲပေးပုံအဆင့်ဆင့်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရပ်ကွက်နေပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို သရုပ်ပြသကြရာ တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြသည်။

အခမ်းအနားသို့ ပန်းဘဲတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးသိန်းလင်းအောင်၊ အဖွဲ့ဝင် ဗိုလ်မှူးယောမင်းကိုနှင့်အဖွဲ့ဝင်များ၊ ပန်းဘဲတန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမင်း၊ အတွင်းရေးမှူး ဒေါ်ငုဝါစိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)