မင်္ဂလာဒုံမြို့နယ်တွင် ခရေပင်လမ်းမကြီး၌ ဓာတ်တိုင်ဝင်တိုက်မိရာမှ ကားဆီတိုင်ကီထိမိ၍ မော်တော်ယာဉ်တစ်စီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား

မင်္ဂလာဒုံ ဩဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်တွင် ဩဂုတ်လ ၁၇ ရက် ညနေ ၃ နာရီ ၄၄ မိနစ်က ခရေပင်လမ်းမကြီးပေါ် ၁၀၆ မှတ်တိုင်အနီးရှိ ဓာတ်တိုင်အားဝင်တိုက်မိ၍ NISSAN VAMEITE အဖြူရောင်မော်တော်ယာဉ်တစ်စီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားရာနေရာသို့ မင်္ဂလာဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ခိုင်ကွပ်ကဲ၍ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၄)ဦးတို့ဖြင့် သွားရောက်ပြီး ဓာတ်တိုင်ဝင်တိုက်မိ၍ မီးကူးစက်လောင်ကျွမ်းခဲ့သည့် မော်တော်ယာဉ်အား ညနေ ၃ နာရီ ၅၄ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ယာဉ်ခေါင်းခန်း၊ DASHBOARD လေကာမှန်၊ ဘေးမှန်၊ ကူရှင်နှင့်လည်သာအမိုးအကာများ မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းနှင့် ယာဉ်မောင်းဖြစ်သူကို သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မင်းသိန်းထွန်း