ထီးလင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေး

ထီးလင်း  ဒီဇင်ဘာ  ၂၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံးတွင် ယနေ့နံနက် ၈ နာရီမှ စ၍ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ပင်စင်လစာများ စတင်ထုတ်ပေးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ပင်စင်(အငြိမ်းစား)ဝန်ထမ်းများအား ပင်စင်လစာ ထုတ်ယူရာ၌ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး သတ်မှတ် အကွာအဝေးတွင် ထိုင်ခုံများ စနစ်တကျ နေရာချထားပေးခြင်း၊ ရုံးအဝင်ပေါက်ဝ၌ လက်သန့်ဆေးရည်များဖြင့် လက်များ ဆေးကြောသန့်စင်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထီးလင်းမြို့နယ်တွင် ပင်စင် (အငြိမ်းစား) ဝန်ထမ်းဦးရေ (၉၀၃) ဦး ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး လူစုလူဝေး မဖြစ်ပေါ်စေရေးတို့အတွက် (၅) ဦးစီသာ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း၊ ပင်စင်လစာများကို ယနေ့မှစ၍ ဒီဇင်ဘာ ၂၉ ရက်နေ့ အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)