ဒေါပုံမြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ဒေါပုံ ဩဂုတ် ၂၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း၊ ပညာခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ လျှပ်စစ်စွမ်းအား၀န်ကြီးဌာနမှရိုက်ကူးတင်ဆက်သည့် “ပြုံးပျော်နိုင်ဖို့” ဗီဒီယိုကိုဖွင့်လှစ်ပြသခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ခရိုင်လျှပ်စစ်မန်နေဂျာဦးအေးကျော်က လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးဟောပြောခဲ့ရာ ဓာတ်အားလိုင်းများအကြောင်းသိ‌ကောင်းစရာများ၊ လျှပ်စစ်ကိုစနစ်တကျသုံးစွဲတတ်စေရေးနှင့် ဓာတ်လိုက်မှုနှင့်မီးလောင်မှုဖြစ်ပွားနိုင်သည့်အကြောင်းအရင်းများကိုဟောပြောခဲ့ပါ သည်။ ထို့နောက်ဒေါပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးထူးထက်ကအမှာစကားပြောကြားခဲ့ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာဦးသိန်းအောင်က နိုင်ငံအတွင်းရှိလျှပ်စစ်ဓာတ်အားပေးရေးစက်ရုံများ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများနှင့် မြို့နယ်အ တွင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးဆောင်ရွက်နေမှုများအကြောင်းအသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက်ဟောပြောပွဲသို့တက်ရောက် လာသည့်တာ၀န်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား လျှပ်စစ်အန္တရာယ်သတိပြုပါလက်ကမ်းစာ‌စောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)