ရန်ကုန် ဒီဇင်ဘာ ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူဝင်ထွက်မှုများပြားသည့် စျေးကြီးများတွင် Mobile စနစ်ဖြင့် ကားများတွင် အသိပညာပေး စာစောင်များ ချိတ်ဆွဲထားပြီး ကိုဗစ် - ၁၉ နှင့် ပတ်သက်၍ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းချက်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို အသံချဲ့စက်များဖြင့် နှိုးဆော်ပေးမှုများအား နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်ကလည်း တာဝန်ရှိသူများက လှည့်လည်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာရမည့်အချက် များ ဖြစ်သည့် လက်ကိုရေနှင့် ဆပ်ပြာအသုံးပြုပြီး စက္ကန့် ၂၀ ကြာဆေးရန်၊ မလိုအပ်ပဲအပြင်မထွက်ရန်၊ စကားပြောရာတွင် ၆ ပေအကွာနေရန်၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ရန်၊ နှာချေ၊ ချောင်းဆိုးလျှင် နှာခေါင်းနှင့်ပါးစပ်အား သေချာစွာဖုံးအုပ်ရန်၊ ကိုယ်ပူ၊ ချောင်းဆိုး၊ အသက်ရှူကြပ်ခြင်းများဖြစ်ပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ဆက်သွယ်ပြီး ဆေးကုသမှုခံယူရန် စသည့်အရေးကြီးအချက်များအား ပိုစတာများဖြင့် Mobile ယာဉ်တွင် ကပ်ထားပေးပြီး အသိပညာပေးကြေညာခဲ့ကြသည်။ ထို့အပြင် စျေးဝယ်လာသူများထဲမှ Mask တပ်ဆင်မလာသူများအားလည်း Mask များကို အခမဲ့ဝေငှ ပေးခဲ့ကြ သည်။
အဆိုပါ Mobile ယာဉ်ဖြင့် စျေးများတွင် လှည့်လည်နှိုးဆော်ခြင်းများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၏ ကြီးကြပ်မှုဖြင့် ဖို့မြေရပ်ကွက်နှင့် ပုသိမ်ညွှန်ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် ပရဟိတအဖွဲ့များမှ သိမ်ဖြူစျေး၊ မင်္ဂလာတောင်ညွန့်စျေး၊ ကြက်/ဘဲစျေး၊ ဖ.ဆ.ပ.လ စျေး၊ မင်္ဂလာစျေး၊ Makro နှင့် PRO One စသည့် စျေးများနှင့် စျေးဝယ်စင်တာများတွင် ဆောင်ရွက်ပေး ခဲ့ကြပြီး နေ့စဉ်လှည့်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)