ပန်းဘဲတန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-၂)၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ

ပန်းဘဲတန်း သြဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုလူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က အခြေခံ ပညာအထက်တန်းကျောင်း(အ.ထ.က-၂) မြတ်ဆရာခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌဦးသိန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဖြူဖြူဝင်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားပြီး စာဖတ်ခြင်းအကျိုးကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင်စာရေးဆရာဦးသူရဇော်ကလူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်းဟောပြောခဲ့ကြသည်။ ထို့နောက် ခေတ္တမြို့နယ်ပညာရေးမှူးဦးစိုးဇေယျာငြိမ်းက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုစတင်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဖြူဖြူဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး Grade -11 မှ မရတီရွှန်းလဲ့မောင်က လူငယ်နှင့်စာကြည့်တိုက်၊ Grade- 11 မှ မောင်ဇင်မင်းထက်က လူငယ်နှင့်အားကစား၊ Grade- 11 မှ မောင်အာကာစိုးမှလူငယ်နှင့်မူးယစ်ဆေးဝါး၊ မသံစဉ်ချိုကလူငယ်နှင့်စာဖတ်ခြင်း၊ Grade-11မှ မထက်ထက်ရွှေဇင်က လူငယ်နှင့်စည်းကမ်း၊ မရတီထွန်းက လူငယ်နှင့် Social Media ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင်စာရေးဆရာဦးသူရဇော်နှင့်လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားတွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲများကိုထည့်သွင်းကျင်းပခဲ့ကာကျောင်းသား၊ ကျောင်းသူများပျော်ရွှင်စွာပါဝင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသောတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော အသိပညာပေးနံရံ ကပ်စာစောင်များနှင့် စာအုပ်/စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)