လိပ်သို သြဂုတ် ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာပေးလျက် ရှိရာ ဒေသခံပြည်သူများမှ မိမိနာမည်ပါဝင်ခြင်း ရှိ/မရှိ သွားရောက်ကြည့်ရှုရန် ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် ဝန်ထမ်းများက မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါဝင်မှု ရှိ/မရှိ စစ်ဆေးရန်၊ မိမိအမည်မပါရှိပါက ပုံစံ (၃) ဖြည့်သွင်းတောင်းဆိုရန်၊ ကိုယ်ရေးအချက် အလက်မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်ကန့်ကွက်ရန်၊ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄-ဂ) များကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်က သတ်မှတ်ထားသည့်ရက်ထက်နောက်မကျဘဲ တင်သွင်းရန်၊ သတ်မှတ်ရက်ထက် နောက်ကျတင်သွင်းလာသော တောင်းဆိုလွှာ၊ ပြင်ဆင်လွှာ၊ ကန့်ကွက်လွှာများကို နည်းဥပဒေ (၁၄-က) ပါပြဋ္ဌာန်းချက်မှတစ်ပါး လက်ခံမည်မဟုတ်သည့်အတွက် မဲဆန္ဒရှင်စာရင်းများကို အမြန်ဆုံးသွားရောက်ကြည့်ရှုကြရန်အတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
နွယ်နွယ်ခိုင်(ပြန်/ဆက်)