မြောင် ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ အနီးရှိ ချောင်းအတွင်းမှ ပထမဆုံး တွေ့ရှိခဲ့ရသော ရှေးဟောင်း ရွှေထည်ပစ္စည်းတစ်ခုကို လက်ခံဝယ်ယူထားသူ မြင်းခြံမြို့မှ ရွှေဆိုင်ပိုင်ရှင်က အဆိုပါ ရှေးဟောင်းရွှေထည် ဝယ်ယူခြင်းအတွက် နိုင်ငံတော်က ပြန်လည် ပေးအပ်ငွေ ကျပ် ၁၈ သိန်းကို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လှူဒါန်းခဲ့ကြောင်း မြောင်မြို့ နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းအောင်ထံမှ သိရသည်။
ကျောင်းဖြူကျေးရွာ၌ ရှေးဟောင်းရွှေထည်ပစ္စည်း တစ်ခုကို နိုဝင်ဘာ ၂၈ ရက်က ပထမဆုံး ကောက်ရခဲ့သူသည် မသိနားမလည်ဘဲ မြင်းခြံမြို့ရှိ မြိုင်မဟာရွှေဆိုင်တွင် သွားရောက် ရောင်းချခဲ့ရာ ရွှေဆိုင်ပိုင်ရှင် ဒေါက်တာ သန်းဝင်းက ကျပ် ၁၈ သိန်းဖြင့် ဝယ်ယူခဲ့ပြီး သိမ်းဆည်း ထားခဲ့ကြောင်း၊ ယင်းရွှေထည်ပစ္စည်းသည် ကျောင်းဖြူ ကျေးရွာအနီးမှ တွေ့ရှိ ထားသည့် ရွှေထည်ပစ္စည်း ၁၂ မျိုး အနက် လက်ရာအကောင်းဆုံး ဖြစ်ကြောင်းနှင့် အလေးချိန် မှာ ၁ ကျပ် ၁၂ ပဲကျော်ရှိကြောင်း သိရသည်။
အဆိုပါ ရွှေထည်ပစ္စည်းကို နိုင်ငံတော်သို့ အပ်နှံရမည် ဖြစ်သည့်အတွက် ဝယ်ယူစဉ်က ပေးချေခဲ့သည့် ကျပ် ၁၈ သိန်းကို ရွှေဆိုင်ပိုင်ရှင် ဒေါက်တာသန်းဝင်းထံ ပြန်လည် ပေးအပ်ရာ ဒေါက်တာသန်းဝင်းက ထိုငွေကို ပြန်မယူ တော့ဘဲ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ရွှေဆိုင်ပိုင်ရှင် ဒေါက်တာသန်းဝင်းက "ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ငွေလှူ ရတာကို ဝမ်းသာပါ တယ်။ နိုဝင်ဘာ ၂၈ ရက်က ရှေးဟောင်းပစ္စည်းရတာကို ဘာမှမလုပ်ဘဲ သိမ်းထားလိုက်တယ်။ ပစ္စည်းဝယ်တဲ့ဈေး ကျပ် ၁၈ သိန်းကို ပြန်ပေးတာလည်း မယူတော့ဘဲ ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် မြင်းခြံကို ၁၀ သိန်းနဲ့ မြောင်ကို ရှစ်သိန်း လှူလိုက်ပါတယ်"ဟု ပြောသည်။
မြောင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌကလည်း "ရွှေဆိုင်ပိုင်ရှင်ဟာ ရှေးလက်ရာမပျက် ထိန်းသိမ်းထား ခဲ့တာဖြစ်ပြီး လိုလိုလားလားနဲ့ ပြန်လည် အပ်နှံပေးခဲ့ပါတယ်" ဟု ပြောသည်။ ကျောင်းဖြူကျေးရွာ၌ ရှေးဟောင်း ပစ္စည်းဟု ယူဆရ သည့် ရွှေထည်နှင့် ကြေးထည် ၁၁ မျိုး ကိုလည်း ထပ်မံတွေ့ရှိထား၍ တိုင်းဒေသကြီးအစိုးရထံ အပ်နှံထားပြီးဖြစ်ကာ ယခု ရွှေဆိုင်ရှင်က ပြန်လည်အပ်နှံ ခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်း ကိုလည်း မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှတစ်ဆင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ ဆက်လက် အပ်နှံ သွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)