ဗိုလ်တထောင်မြို့နယ်၌ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်သည့်အခမ်းအနား ကျင်းပ

ဗိုလ်တထောင် ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့  နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်က အာဟာရ ရက်သတ္တပတ်ဆောင်ရွက်ပေးရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားပြီး ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်က အာဟာရ ရက်သတ္တပတ်အကြောင်း၊ အာဟာရ ရက်သတ္တပတ်ကို ဩဂုတ်လအတွင်းမှာသတ် မှတ်ထားကြောင်း၊ ရက်သတ္တပတ်လေးပတ်ဖြစ်ကြောင်း၊ ပထမအပတ်သည်မိခင်နို့တိုက်ကျွေး​ရေးရက်သတ္တပတ်ဖြစ်ကြောင်း၊ ဒုတိယအပတ်ရက်သတ္တပတ် သည် ငါးနှစ်အောက်ကလေးများ အာဟာရဖွံဖြိုးရေးရက်သတ္တပတ်ဖြစ်ကြောင်း၊ တတိယအပတ်သည် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်ဖြစ်ကြောင်း၊ စတုတ္ထအပတ်သည် အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေး ရက်သတ္တပတ်ဖြစ်ကြောင်း၊ အာဟာရအုပ်စု(၅)အုပ်စုအ ကြောင်း၊၎င်းအုပ်စုထဲတွင်ပါဝင်သည့်အစားအသောက်များအကြောင်းရှင်းလင်းပြောကြားခြင်းနှင့် အာဟာရအုပ်စုငါးမျိုးပါဝင်အောင်စားသောက်သည့်နည်းစနစ်များကို ရှင်းလင်းပြောကြား​ခဲ့သည်။

၎င်းနောက် အခမ်းအနားသို့တက်ရောက်လာသော ငါးနှစ်အောက်ကလေးများအား ဗီတာမင်ဆေးများတိုက်ကျွေးခြင်း၊ အာဟာရဖြစ်စေမည့်ကြက်ဥ၊ ငှက် ပျောသီး၊ သံကျဆေး၊ အားဆေး ကိုယ်ခန္ဓာသန့်ရှင်းရေးဆောင်ရွက်စေရန်အတွက် ဆပ်ပြာခဲများပေးအပ်ခြင်း၊ ဓာတ်ဆားထုတ်များ၊ အိုင်အိုဒင်းဆားထုတ်များအစရှိသည်များကိုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထိုအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ငါးနှစ်အောက်ကလေးများနှင့် မိဘများတက်ရောက်ကြောင်း သိရှိရပါသည်။

ခင်ဝင်း(ပြန်/ဆက်)