အင်းစိန်မြို့နယ်၌ မြို့ဝင်၊ မြို့ထွက်တွင် ပြည်သူများ နေအိမ်ပြင်ပသို့ မလိုလားအပ်ဘဲ သွားလာခြင်း မရှိစေရေးအတွက် ကြပ်မတ်စစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့ဝင်၊ မြို့ထွက်တွင် ပြည်သူများ နေအိမ်ပြင်ပသို့ မလိုလားအပ်ဘဲ သွားလာခြင်း မရှိစေရေး အတွက် ယမန်နေ့ နံနက်(၇)နာရီအချိန်မှ စတင်ကာ ကျောက်တော်ကြီးဘုရားအနီးနှင့် ဘုရင့်နောင်လမ်းဆုံ တို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် အင်းစိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ဖြတ်ကျော် သွားလာနေကြသော မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ စက်ဘီးများ၊ လမ်းသွားလမ်းလာသူများကို ကြပ်မတ်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ကျန်းမာရေးကိစ္စနှင့် ကုန်စည်စီးဆင်းနိုင်ရေးတို့အတွက် ဝင်ရောက်လာပါက သက်ဆိုင်ရာ ထောက်ခံချက်များအား စိစစ်၍ မြို့နယ်အတွင်းသို့ ဝင်ရောက်ခွင့်ပြု ခြင်း၊ အကြောင်းပြချက် မခိုင်လုံသော လမ်းပေါ်ထွက်လာသူများအား လာရာအရပ်သို့ ပြန်လည့်ခိုင်းခြင်း၊ ပြည်သူ များ မိသားစုကျန်းမာရေးနှင့် စားရေးသောက်ရေး ဈေးဝယ်ခြင်းကိစ္စများမှ လွဲ၍ မလိုလားအပ်ဘဲ သွားလာမှု မရှိစေ စသည်တို့ကို အသိပညာပေး ကြပ်မတ်စစ်ဆေးခဲ့ရာ အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ဖြစ်ကြသော မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် အတွင်းရေးမှူး EO ဦးဝင်းနိုင်၊ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုး၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများကို ပူးပေါင်း ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် အတွင်းတွင် ဖျားနာကုဆေးခန်း(၁)ခုနှင့် ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances (၁၃)စီးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)