မြောင် ဒီဇင်ဘာ ၂၁
ရှေးဟောင်းပစ္စည်းဟုယူဆရသည့် ရွှေထည်များ တွေ့ရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ အနောက် ဘက်ရှိ ဧရာဝတီမြစ်လက်တက် နေရာတွင် လာရောက်၍ မြေများကိုတူးဆွကာ ရှာဖွေနေ သူများကြောင့် လုံခြုံရေးရဲကင်းချပြီး ကြပ်မတ် ဆောင်ရွက်နေကြောင်း မြောင်မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းအောင်ထံမှ သိရသည်။
"တစ်ပတ်ကျော်လောက်ရှိပြီ။ ကန့်သတ် ထားတာ။ ရွှေရှာတဲ့သူတွေက ကမ်းပါးတွေဖြို တယ်။ ဖြိုတော့ ဒေသခံတွေက ကမ်းပါးပြိုရင် သူတို့စိုက်ခင်းမြေတွေ ပါသွားနိုင်တယ်ဆိုပြီး အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှာ စိုးရိမ်တဲ့ အတွက် ၂၄ နာရီ ရဲကင်းချထားတာဖြစ်ပါတယ်။ လာတဲ့သူမှန်သမျှ မောင်းထုတ်နေတော့ အခု မလာကြတော့ပါဘူး"ဟု မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌက ပြောသည်။
ကျောင်းဖြူကျေးရွာနေ ဦးကျော်မိုးသည် ဒီဇင်ဘာ ၉ ရက်က ကျေးရွာ၏အနောက်ဘက် ပေ ၁၀၀၀ ခန့်အကွာရှိ ချောင်းအတွင်းမှ ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျထားသည့် နေရာတွင် ရှေးဟောင်းပစ္စည်းဟုယူဆရသည့် အလေးချိန် တစ်ကျပ်သားခန့်ရှိသော ရွှေထည် ပစ္စည်းတစ်ခုကို တွေ့ရှိရပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းဝေ၊ တစ်ရွာတည်း နေသူများဖြစ်သည့် ဦးချစ်စန်းဦး၊ ဦးလှမင်းဦး တို့အား ပြောပြကာ ကျေးရွာသား အချို့နှင့်အတူ အဆိုပါနေရာ၌ ထပ်မံ ရှာဖွေခဲ့ကြရာ ချောင်း ကမ်းစပ်ရှိ ရေထဲမှ အလေးချိန် ငါးမူးသား ကျော်ရှိ ရွှေထည်ပစ္စည်း သုံးခုကို ထပ်မံတွေ့ရှိခဲ့ သည်။ ထို့နောက် တွေ့ရှိသော ရွှေထည်ပစ္စည်း ခြောက်ခုနှင့် ကြေးဟင်္သာအလေး တစ်ခုတို့ကို မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီသို့ အပ်နှံ ခဲ့ရာ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၄ ရက် တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးပို့အပ်နှံ ခဲ့ပြီးနောက် ဝန်ကြီးချုပ်က ပစ္စည်းတွေ့ရှိသူ ဒေသခံများအတွက် ကြိုတင်ဆုကြေးငွေ ကျပ် ၅၁ သိန်းကို ချီးမြှင့်ခဲ့သည်။
ယင်းနောက်တွင် ဒေသခံငါးဦးက အဆိုပါ နေရာ၌ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် ရွှေထည်ပစ္စည်း ငါးမျိုးနှင့် ဟင်္သာရုပ်တစ်ခု တို့ကို ထပ်မံတွေ့ရှိခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ဒီဇင်ဘာ ၁၈ ရက်တွင် ဒုတိယ အကြိမ်အပ်နှံခဲ့ရာ ဝန်ကြီးချုပ်က ပစ္စည်းတွေ့ရှိ ခဲ့သူ ဒေသခံ ငါးဦးအတွက် ကြိုတင်ဆုကြေးငွေ ကျပ် ၄၄၈၀၀၀၀ ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
"တိုင်းဒေသကြီးအစိုးရကို အပ်တာ နှစ်ကြိမ်ရှိပြီ။ ပထမအကြိမ်က ပစ္စည်း ခြောက်မျိုး၊ ဒုတိယအကြိမ်က ပစ္စည်း ငါးမျိုး၊ စုစုပေါင်း ၁၁ မျိုး အပ်ထားတယ်။ တွေ့တဲ့ သူတွေကိုလည်း တိုင်းဒေသကြီးအစိုးရက ကာလပေါက် ဈေးနဲ့ အပ်တဲ့ရွှေအလေးချိန် အတိုင်း တန်ဖိုးဖြတ်ပြီး ကနဦးချီးမြှင့်ငွေ ပေးထားတယ်။ ပစ္စည်းတွေကို ရှေးဟောင်း သုတေသ နဌာနကို အပ်လိုက်လို့ ရှေးဟောင်း သုတေသနက စစ်ဆေးပြီးရင် သက်ဆိုင်ရာ ခေတ်အလိုက် လက်ရာကြေး စတာတွေ ထပ်ရဖို့ရှိတာပေါ့။ ဒီနေရာမှာ လာပြီးရှာတာ တွေ၊ မှတ်တမ်းတင်တာတွေ လုပ်ပေးဖို့လည်း စာတင်ထားတယ်။ ရှေးဟောင်းသုတေသနက လာစစ်ဆေးပေးမယ်။ မြစ်ကမ်းပါးထိန်းသိမ်း ရေးတွေ လုပ်ပေးဖို့လည်း စာတင်ထားတယ်။ သူတို့ဆက်လုပ်ပါ လိမ့်မယ်"ဟု မြို့နယ် စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက ဆက်ပြောသည်။
တိုင်းဒေသကြီးအစိုးရသို့ အပ်နှံထားသော ပစ္စည်းများကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ ပေးပို့သွားမည် ဖြစ်ပြီး ဦးစီးဌာနရှိ ပညာရှင်များက ပစ္စည်း အမျိုးအစားနှင့် ခေတ်ကာလသတ်မှတ်ချက် တို့ကို စစ်ဆေးပေးမည်ဖြစ်ကြောင်းနှင့် ဆက် လက်၍လည်း သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ပေးပို့၍ အရည်အသွေးနှင့် အလေးချိန်တို့ကို စစ်ဆေး မည်ဖြစ်ကာ မူလရွှေထည်တန်ဖိုးအပြင် ခေတ် ကာလတန်ဖိုးနှင့် အနုစိတ်လက်ရာတို့ကို ဖြည့် စွက်ပေါင်းထည့်၍ တွေ့ရှိသူ ဒေသခံပြည်သူ များအား ထိုက်တန်စွာ ဆုချီးမြှင့်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)