ကြည့်မြင်တိုင် ဩဂုတ် ၂၁
ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ဟောပြောပွဲတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ(စီမံ)ဦးထွန်းထွန်းက လျှပ်စစ်အန္တရာယ်အလျင်အမြန်ကာကွယ်ရေး၊ အိမ်များတွင်လျှပ်စစ်ဝါယာကြိုးများပေါက်ပြဲခြင်း၊ မီးခလုတ်များပျက်စီးခြင်းရှိပါက အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန်၊ လျှပ်စစ်ဘေးအန္တရာယ်ဆိုင်ရာသတိပြုရမည့်အချက်ကို အတွေ့အကြုံများဖြင့်ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ(အင်/ယာ)ဦးအောင်မြင့်က လျှပ်စစ်အန္တရာယ်အကြောင်းအရင်း၊ လျှပ်စစ်ပစ္စည်းများ အသုံး ပြုရာတွင်လိုက်နာရမည့်စည်းကမ်းများ၊ လျှပ်စစ်အန္တရာယ်အလျင်အမြန်ကာကွယ်ရေး၊ ကလေးသူငယ်များအတွက်ဂရုပြုရမည့်အချက်များ၊ အရေးပေါ်အခြေ အနေဖြေရှင်းနည်းများ၊ လျှပ်စစ်အန္တရာယ်သတိပေးခြင်းနှင့် ပညာပေးခြင်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၀န်ထမ်းများမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများကိုပေးဝေခဲ့ကြသည်။ ဟောပြောပွဲကို ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ခိုင်ဇာလင်း(ပြန်/ဆက်)