မင်္ဂလာဒုံ ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် ကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားရရှိလာစေရေးရည်ရွယ်လျက် ယမန်နေ့နံနက်ပိုင်းက အမှတ်(၄)၊ အခြေခံ ပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်၊ စာစောင်များ (အခမဲ့)ငှားရမ်းပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးသိန်းထွန်းအောင်က ကျောင်းသား၊ ကျောင်း သူများအနေဖြင့် ကျောင်းစာအပြင် မိမိ၏ဦးနှောက်နှင့်နှလုံးသားအဟာရဖွံ့ဖြိုးလာစေရေးအတွက် ပညာဘဏ်တိုက်စာကြည့်တိုက်မှစာအုပ်စာပေများကို လေ့ လာဖတ်ရှုကြရန်လိုကြောင်း၊ စာအုပ်စာပေဖတ်ရှုခြင်းမှရရှိလာသည့် အသိတရား၊ အမြော်အမြင်၊ ဉာဏ်ပညာအတွေးအခေါ်ကောင်းများဖြင့် မှန်ကန်သည့်ခံယူချက်၊ ယုံကြည်ချက်၊ ဆုံးဖြတ်ချက်များကိုခိုင်မာပြတ်သားလာစေမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် “စာကြည့်တိုက်သို့ သွားကြစို့” ကဗျာဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စန္ဒာမိုးက ကျောင်းသား၊ ကျောင်းသူများအတွက် သုတ/ရသစာအုပ်စာစောင်များဖြစ်သည့် မဂ္ဂဇင်းများ၊ ယဉ်ကျေးလိမ္မာပုံပြင်များ၊ ဓမ္မစာအုပ်များနှင့်ရုပ်ပြစာအုပ်များကို (အခမဲ့)ငှားရမ်းပေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာပေများကို စာဖတ်သူလက်ဝယ်အရောက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့်ငှားရမ်းပေးခြင်းအပြင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများအစီအစဉ်အဖြစ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ၊ Website TV(Talk Show) များရိုက်ကူး၍ Online မှတစ်ဆင့်ထုတ်လွှင့်လျက် အသိပညာပေးခြင်းများ၊ ပြပွဲ/ပြိုင်ပွဲများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မင်းသိန်းထွန်း(ပြန်/ဆက်)