မုံရွာ ဒီဇင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး တောင်သူအသိပညာပေးလုပ်ငန်းများကို စိုက်ခင်းများထဲအရောက် လိုက်လံ လုပ်ဆောင်ပေးလျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Covid 19 ကာလအတွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်ဆုံးရှုံးမှုများ မဖြစ်စေရေး တောင်သူများထံသို့ စိုက်ခင်းများထဲအရောက်သွားရောက်ကာ ခေတ်မီစိုက်ပျိုးရေး နည်းပညာများ ဖြန့်ဝေပေးခြင်း၊ ပိုးမွှား ကျရောက် မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ် ပေါ်စေရေး ပိုးမွှားရောဂါများကို ကင်းထောက်ခြင်း ကြိုတင် လုပ်ဆောင်ရမည့် လုပ်ငန်း စဉ်များကို အသိပညာပေးခြင်းတို့ကို လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“တောင်သူတွေထံကို အသိပညာပေးမှုနောက်ကျမယ်ဆိုရင် စိုက်ခင်းတွေ ရာထောင်ချီ ပျက်စီးသွားမှာ ဖြစ်တယ်၊ အဲဒိလိုပျက်စီးခဲ့ရင်လည်း တောင်သူတွေဝင်ငွေတွေ ကျဆင်းမှာ ဖြစ်သလိုနိုင်ငံတော်ရဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေကျဆင်းမှာဖြစ်ပါတယ်၊ ကျန်းမာရေး ဝန်ထမ်းတွေက ကိုဗစ်ကူးစက်တဲ့လူတွေကို နေ့မနားညမအား ပြုစုပေးနေရသလို လယ်ယာ ကဏ္ဍ အရှိန်အဟုန်မကျဆင်းရေး၊ တောင်သူအရင်းအနှီးတွေနဲ့ စိုက်ပျိုးနေတဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ ကိုဗစ်ရောဂါကြောင့် တောင်သူလယ်သမားများ ဝင်ငွေများ မထိခိုက်စေရေး ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေက တောင်သူများထံ အချိန်နှင့်တပြေးညီ အသိပညာ ပေးနိုင်ရေး စိုက်ခင်းထဲအရောက်သွားပြီး လုပ်ဆောင်ပေး နေပါတယ်၊ အဲဒိလိုလုပ်ဆောင်တဲ့ နေရာမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ သတ်မှတ်တဲ့ လူစုလူဝေး မဖြစ်အောင် တောင်သူရဲ့ စိုက်ခင်းထဲမှာပဲ နည်းပညာပေးတာကို ပြောင်းလဲဆောင်ရွက် လျက်ရှိ ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး က ပြောသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သီးနှံမျိုးစုံ ဧက (၅၃)သိန်းကျော်နှင့် ဆောင်းသီးနှံ ဧက(၄၃) သိန်းကျော်ကို စိုက်ပျိုးလျက်ရှိရာ ရာသီဥတု ပြောင်းလဲမှုအခြေအနေနှင့် လက်ရှိ ဖြစ်ပွား လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ တောင်သူ လယ်သမားများ၏ ဝင်ငွေများ ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အသိပညာပေး လုပ်ငန်းများကို ပုံစံပြောင်းလဲပြီး လုပ်ဆောင်ပေးလျက် ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)