ပင်လည်ဘူးမြို့၌ တောင်သူစိုက်ပျိုးနည်းပညာပေး သင်တန်းနှင့် ကွင်းအတွင်း နည်းပညာ မိတ်ဆက်ပြသပွဲပြုလုပ်

ပင်လည်ဘူး ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူစိုက်ပျိုးနည်း ပညာပေးသင်တန်းနှင့် ကွင်းအတွင်းနည်းပညာ မိတ်ဆက်ပြသပွဲကို ဒီဇင်ဘာ ၂၀ ရက်နေ့က မံစီလေး KC နယ်မြေ တောင်ကုန်းကျေးရွာ အုပ်စု၊ တောင်ကုန်း ကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကုန်းကျေးရွာနှင့်ပင်းမူကျေးရွာများမှ တောင်သူသင်တန်းသားများ တက်ရောက်ခဲ့ကြပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးနေဝင်းနိုင်မှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျော ညီသည့် သီးနှံများ၊ မျိုးကောင်းမျိုးသန့်များ  ပြောင်းလဲစိုက်ပျိုးရေး၊ ခေတ်မိီသိပ္ပံနည်းကျ စိုက်နည်းစနစ်များ အသုံးပြုစိုက်ပျိုးရေး၊ မိုးစပါးအပြီး ဆောင်သီးနှံများ သီးထပ်အဖြစ် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP စနစ်ဖြင့်စိုက်ပျိုးနိုင်ရေး တောင်သူများအားအသိပညာပေးဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တောင်သူများအားဆောင်းမြေပဲ မျိုးစေ့ထုတ်နှင့် ဆောင်းမြေပဲ GAP စိုက်ပျိုးကြမည့် တောင်သူများအား ဂျစ်ပဆန်မြေသြဇာနှင့် Home Garden စိုက်ပျိုးရန် ဟင်းသီး/ရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ကာ မြို့နယ် မြေအသုံးချရေးတာဝန်ခံမှ သဘာဝမြေသြဇာ ပြုလုပ် သုံးစွဲနည်းများအကြောင်း ရှင်းလင်းဆွေးနွေးပြီး ကွင်းအတွင်း မိတ်ဆက်ပြသ ဆောင်ရွက်ခဲ့ သည်။

ဆက်လက်၍ မြေပဲစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ဘက်စုံသီးနှံ ကာကွယ်ရေး နည်းစနစ်များနှင့် သဘာဝ ပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းများအား မြို့နယ်သီးနှံ ကာကွယ်ရေး တာဝန်ခံနှင့် စိုက်ပညာကွင်းဝန်ထမ်းများမှ အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြကာ တက်ရောက်လာကြသည့် တောင်သူများမှ သိရှိလိုသည်များအား မေးမြန်းကြရာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)