လိပ်သို ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ဇလဲကျေးရွာအုပ်စု ၊ ကော်ပတ်ခြံ ကျေးရွာတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ခဲ့ပြီး လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ ညနေ (၄) နာရီ အချိန်က ပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ဘုန်းတော်ကြီး ( Fr ) စောသိမ်းမောင်က ဆုတောင်း ကောင်းချီးပေးပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စောဂျေအေ၀င်းမြင့်၊ လိပ်သိုမြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော် ၊ မြို့လျှပ်စစ်မှူး ဦးချစ်ကိုကို ၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းအောင်နှင့် ခ.လ.ရ (၅) မှ ဗိုလ်မှူးအောင်ထွေး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စောဂျေအေ၀င်းမြင့်က အမှာစကားပြောကြားပြီး လိပ်သိုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က ကျေးရွာမှ (၂၄) နာရီ လျှပ်စစ်မီးရရှိသည့်အတွက် ၀မ်းသာပီတိစကားပြောကြား သည်။
ထို့နောက် မြို့လျှပ်စစ်မှူး ဦးချစ်ကိုကိုက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အတွက် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ ပြောကြားခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းအောင် က ကျေးရွာလူထု ထည့်၀င်ငွေနှင့် မြစိမ်းရောင်ရန်ပုံငွေ အတိုး ရငွေဖြင့် မီးလင်းရေးလုပ်ငန်းနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြားသည်။
အဆိုပါ ကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်ရာတွင် ကရင်ပြည်နယ် အစိုးရ ၏ ပံ့ပိုးမှု၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာန၏ ကြီးကြပ်မှု ၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ထည့်ငွေနှင့် မြစိမ်းရောင် ရန်ပုံငွေ အတိုးရရှိငွေများဖြင့် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်မှ 100 KVA ထရန်စဖော်မာ တည်ဆောက်ပေးခြင်း၊ 400 V ဓာတ်အားလိုင်း ၀.၉၆ မိုင် သွယ်တန်းပေးခြင်း၊ မြစိမ်းရောင်ရန်ပုံငွေဖြင့် ကျေးရွာတွင်း ဓာတ်မီးတိုင် (၂၈) တိုင် စိုက်ထူခြင်း၊ လိုင်းဆွဲကြိုး ပေ (၅၁၀၀) သွယ်တန်း ပေးခြင်း၊ မီတာ နှင့် လိုအပ်သည့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပေး ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ကျေးရွာရှိ အိမ်ခြေ (၁၂၀) ကျော် အကျိုးပြုနိုင်ပြီး ယခုအခါ လိပ်သိုမြို့ ကော်ပတ်ခြံကျေးရွာမှာ (၅) ရွာမြောက် လျှပ်စစ်မီးရရှိ၍ ဖွင့်ပွဲပြုလုပ်နိုင်ခဲ့သော ကျေးရွာ ဖြစ်ကြောင်း လိပ်သိုမြို့ လျှပ်စစ်မှူး ဦးချစ်ကိုကို ထံမှ သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)