ကြို့ပင်ကောက် ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ ၁၂၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မြို့နယ်အတွင်း ဖွင့်လှစ်ထားသော Facility Quarantine များမှ ပြည်ပပြန်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာကြသူ (၉၆)ဦးနှင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများနှင့် ထိတွေ့ခဲ့သူ (၃၁)ဦးတို့ ဓါတ်ခွဲနမူနာများ အား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန်သို့ ပေးပို့စစ်ဆေးခဲ့ရာ ဈေးချိုတောင်ရပ်ကွက် ကသဲတန်းလမ်းမှ Home Quarantine ထားရှိသူ အမျိုးသားတစ်ဦးနှင့် စီကောက်ပင်ကျေးရွာ အမက Facility Quarantine မှ အမျိုးသမီးတစ်ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိရသဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးသီဟဇော်နှင့် တာဝန်ရှိ သူများက မြို့နယ်နာရေးကူညီမှုအသင်းဖြင့် ပူးပေါင်းကာ သက်ဆိုင်ရာ Quarantine Centre များမှ သွားရောက်ခေါ်ယူကြပြီး မြို့နယ်တိုင်းရင်းဆေးရုံ ကိုဗစ်-၁၉ စောင့်ကြည့်ကုသရေးစင်တာသို့ ပို့ဆောင်ပေးခဲ့ ကြသည်။
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၂၀ ဦးအထိ ရှိလာခဲ့ပြီး စောင့်ကြည့် ကုသရေး စင်တာများဖြစ်သည့် မြို့နယ်တိုင်းရင်းဆေးရုံနှင့် မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တို့တွင် စောင့်ကြည့်ကုသပေးခဲ့ရာ မြို့နယ်တိုင်းရင်းဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၉ ဦးသာ ကျန်ရှိပါကြောင်း နှင့် ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသူ ၁၁၀ ဦးရှိခဲ့ပြီး ရောဂါအခံရှိသော အတည်ပြု လူနာတစ်ဦးသာ သေဆုံးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)