ကော့မှူး ဒီဇင်ဘာ ၂၁
မီးလောင်ဆုံးရှုံးမှုမဖြစ်ပွားစေရန်နှင့် ပြည်သူများ အသက်အိုးအိမ်များ မဆုံးရှုံးစေရေးအတွက် မီးကို စနစ်တကျ သုံးစွဲတတ်စေရန် အသိပညာပေးကြေညာခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ည ၇ နာရီက လိုက်လံကြေညာပေးနေကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ကြေညာခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မင်းဝေ ဦးဆောင်သော တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် နေထိုင်ကြသော ပြည်သူ များအား မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နှင့် မီးကိုစနစ်တကျ သုံးစွဲရေးတို့အား တိကျစွာ လိုက်နာဆောင်ရွက်ရန်နှင့် မိမိနေအိမ်တွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများအား ဆောင်ထားကြရန်၊ နေအိမ်တွင် လူမရှိဘဲ ဘုရားမီး၊ အမွှေးတိုင်မီး၊ ခြင်ဆေးခွေများ ထွန်းညှိခြင်းကို မပြုလုပ်ကြရန်တို့အား လိုက်လံနှိုးဆော်နေကြောင်း သိရသည်။
ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ၏ အသက်၊ အိုးအိမ်များ မဆုံးရှုံးစေရေးနှင့် မီးဘေး အန္တရာယ် လျော့နည်းစေရန် ရည်ရွယ်၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်တပ်ဖွဲ့ဝင်များအား စနစ်တကျ လေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်သူရ ကော့မှူး