ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မျက်နှာနှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်

ကျောက်တန်း ဒီဇင်ဘာ ၂၁

လတ်တလောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ပျံ့ပွားမှုအား ကာကွယ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထား သည့် Stay at Home ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုလျော့ကျ စေရန် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဈေးများ၊ ကားဂိတ်များနှင့် လူစည်ကားရာ နေရာများတွင် မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေ စနစ်တကျတပ်ဆင်ရေး စစ်ဆေးမှုများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့ စည်ပင်သာယာမြို့မဈေးနှင့် ယာယီပျံကျဈေးများ၊ ကားဂိတ်များ၊ ကျောက်တံတားဇက်ဆိပ်၊ မီးပွိုင့်လမ်းဆုံနှင့် လူစည်ကားရာနေရာများသို့ သွားရောက်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်ရေး အသိပညာပေးခြင်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား အလေးထားလိုက်နာကြရန် Hand Speaker ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး Mask မပါသူများအား  Mask များ အခမဲ့ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။          

ကျောက်တန်းမြို့နယ်တွင် လက်ရှိအချိန်ထိ ပိုးတွေ့အတည်ပြုလူနာ(၆၅၀)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၅၉၃)ဦး၊ ဆေးကုသမှုခံယူနေသူ(၄၆)ဦးနှင့် သေဆုံးသူ(၁၁)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီထံမှ  သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)