တာမွေမြို့နယ်တွင် လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် အထူးအလေးထားဆောင်ရွက်

ရန်ကုန်  ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လျှပ်စစ် ဓာတ်အားများ လုံလုံလောက်လောက် ဖြန့်ဖြူးပေးနိုင်ပြီး ယူနစ်လော့စ်များ လျော့နည်း စေရေး၊ လျှပ်စစ်ဗို့အားများ ကောင်းမွန်စေရေးနှင့် လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများက တာမွေမြို့နယ် ကျိုက္ကဆံလမ်း တစ်လျှောက်ရှိ နေအိမ်များသို့ သွယ်တန်းထားသော ရှုပ်ထွေး ဆားဗစ်ကြိုးများအား ရှင်းလင်း ပေးခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် အစားထိုး လဲလှယ်တပ်ဆင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရှုပ်ထွေးဆားဗစ်ကြိုးများအား လျှပ်စစ်ဓာတ်အား လိုင်းကြိုးအသစ်များဖြင့် အစားထိုး လဲလှယ် ဆောင်ရွက်ပေးနေမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးဖြစ်သူ ဦးကျော်စွာမင်းကလည်း " အခုလို မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူတွေအနေနဲ့ ရှုပ်ထွေးဆားဗစ်ကြိုးများအား ရှင်းလင်းပေးခြင်းအားဖြင့် နွေရာသီကာလအတွင်း လျှပ်စစ် အန္တရာယ် ဖြစ်ပေါ်မှုကို လျော့နည်း စေမှာ ဖြစ်တဲ့အပြင် ကျွန်တော်တို့ ရပ်ကွက်နေပြည်သူတွေအနေနဲ့လည်း ယခင်ကထက် လျှပ်စစ်ဓာတ်အားတွေ လုံလုံလောက်လောက် ရရှိသုံးစွဲခွင့်ရတော့မှာဖြစ်တဲ့အတွက် လျှပ်စစ် ဌာနမှ တာဝန်ရှိသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်" ဟု ပြောကြားသွားကြောင်း သတင်း ရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)