လှည်းကူး ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်လင်းနှင့် မြို့နယ် ဦးစီးမှူး ဦးကျော်ရွှေတို့သည် မြို့နယ်မြေဆီလွှာ၊ မျိုးစေ့၊ သီးနှံကာကွယ်ရေး တာဝန်ခံတို့နှင့် အတူ ယမန်နေ့ နံနက်(၉)နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ကလီအနောက်ကျေးရွာ တောင်သူ ဦးဌေးလွင်၏ လယ်မြေ၌ မြေပဲသီးနှံ GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှု အခြေနေများအား ကွင်းဆင်းကြည့်ရှု၍ မြန်မာနိုင်ငံတောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးအလုပ်သမား သမဂ္ဂများအဖွဲ့ ချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သီးနှံများ အော်ဂဲနစ်စနစ်နှင့် GAP စနစ်ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးခဲ့သည်။
ထို့နောက် ကလီထော်အရှေ့ကျေးရွာတွင် ရာသီဥတုပြောင်းလဲမှုအရ ငမိုးရိပ်ဆည် ရေအလုံအလောက် မရရှိသဖြင့် နွေစပါးအစားထိုး ပဲတီစိမ်းနှင့် မတ်ပဲစိုက်ခင်းများအား လှည့်လည်ကွင်းဆင်းကြည့်ရှုပြီး ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနိုင်ရေး၊ သီးနှံအထွက်နှုန်းတိုးရေး စသည့် ဆောင်ရွက်ရမည့် အခြေအနေ များနှင့် ပတ်သက်၍ အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)