ရန်ကုန် ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်(GTI) Quarantine Center(၂) အဆောင်များအတွင်းတွင် ယမန်နေ့ နေ့လယ်(၁)နာရီက ကြက်ခြေနီအသင်းခွဲ(အင်းစိန်)မှ တာဝန်ရှိသူများက စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်(GTI) Quarantine Center(၂)တွင် Quarantine ဝင်ထားသည့် အဆောင်များအတွင်း၌ ဆေးဖျန်းခြင်း၊သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ကြက်ခြေနီအသင်းခွဲ (အင်းစိန်)မှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြပြီး မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းခွဲ၊ ဘေးဒုက္ခဆိုင်ရာ စီမံခန့်ခွဲရေးဌာန၊ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းမော်နှင့် ရန်ကုန်တိုင်း ဒေသကြီး၊ ကြက်ခြေနီအသင်းခွဲ၊ကြီးကြပ်မှုကော်မတီဝင် ဦးကျော်မြင့်အောင်တို့မှ အင်းစိန် မြို့နယ်၊ ကြက်ခြေနီအသင်းခွဲ တပ်ဖွဲ့ ဝင်များကို အားပေးစကားပြောကြားခဲ့ပြီး ကြက်ဥ အလုံး(၃၀၀)ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး မြို့နယ်အတွင်းတွင် ဖျားနာကုဆေးခန်း(၁)ခုနှင့် ကန့်သတ် စောင့်ကြည့် စင်တာ (၆)ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းစုံမှ Volunteers (၇၀)ဦးနှင့် Ambulances (၁၃)စီး ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)