တာမွေမြို့နယ်ရှိ ဗညားဒလလမ်းတစ်လျှောက် လူသွားစင်္ကြန်ပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ကလည်း မြို့နယ်အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများ သွားရေးလာ ရေးတွင် ယာဉ်အန္တရာယ် ကင်းဝေးစွာဖြင့် သွားလာနိုင်စေရေး အတွက် တာမွေမြို့နယ်ရှိ ဗညားဒလ လမ်းတစ်လျှောက် လူသွားစင်္ကြန်လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများ သွားရေးလာရေးတွင် ယာဉ်အန္တရာယ် ကင်းဝေးစွာဖြင့် သွားလာနိုင်စေရေးအတွက် လူသွားစင်္ကြန်လုပ်ငန်း ဆောင်ရွက်ပေးနေမှုအပေါ် ခရီးသွား ပြည်သူတစ်ဦးကလည်း " အခုလို လူသွားစင်္ကြန်လုပ်ငန်း ဆောင်ရွက်ပေးတာဟာ မြို့နယ်အတွင်းရှိ ပြည်သူတွေအတွက်သာမက လမ်းသွား လမ်းလာများနှင့် ကျွန်တော်တို့လို ခရီးသွား ပြည်သူတွေအတွက် များစွာအကျိုးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာဟာ လူအသွားအလာများသလို၊ ယာဉ်အသွား အလာလည်း များပါတယ်။ ယခင်က ဒီနေရာမှာရှိတဲ့ လူသွား စင်္ကြန်ဟာ ပျက်စီးယိုယွင်းနေတဲ့အတွက် ကျွန်တော်အပါအဝင် လမ်းသွားလမ်းလာအချို့ ကားလမ်းမပေါ်က သွားလာ ကြရပါတယ်။ အဲဒီအတွက် ယာဉ်အန္တရာယ်လည်း အမြဲတမ်းကြုံတွေ့ရပါတယ်။ ယခုလို လူသွားစင်္ကြန် အသစ်ပြုလုပ် ပေးတဲ့ အတွက် လမ်းသွားလမ်းလာများနှင့် ခရီးသွားပြည်သူများအနေဖြင့် ယခင်ကထက် သွားရေး လာရေးတွင် ယာဉ်အန္တရာယ် ကင်းဝေးစွာဖြင့် သွားလာနိုင်တော့မှာ ဖြစ်ပါတယ် " ဟု ပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ဗညားဒလလမ်းတစ်လျှောက် ဆောင်ရွက် လျက်ရှိသော လူသွားစင်္ကြန်မှာ အလျားပေ(၁၈၀၀)၊ အကျယ် (၇)ပေနှင့် အမြင့် (၉)လက်မရှိပြီး တိုင်းဒေသကြီး လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တာမွေမြို့နယ်စည်ပင်သာယာရေး ကော်မတီ (လမ်းနှင့်တံတားဌာန)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)