ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ငန်းများဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှု

ကျောက်တန်း  ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်မူ၊ တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကျောက်တန်း မြို့နယ်အတွင်းရှိ ကျေးရွာများ၌  လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို  ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ တာဝန်ရှိသူများသည် ကရင်ချောင်ကျေးရွာ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်း နှင့်တံတား ဆောင်ရွက်မည့်နေရာ မြေပြင်အခြေအနေ ကွင်းဆင်းကြည့်ရှုပြီး ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေး နှစ်တွင် ရေသန့်စင်စနစ် လုပ်ငန်းဆောင်ရွက်မည့်နေရာနှင့် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်စေရေး အမှိုက်စို/အမှိုက်ခြောက်ခွဲရန် သင်တန်းပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တာဝန်ရှိသူများအဖွဲ့သည် နရွဲချောင်-မုဆိုးဆိပ်-ဘိုးဘကျေးရွာ ကုန်ထုတ်လမ်းနှင့် Box–Culvert (၇)စင်း ဆောင်ရွက်မည့် နေရာအား သွားရောက်ပြီး Bruno Mars Col. မှ တာဝန်ခံ အင်ဂျင်နီယာက လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများကို လမ်းကော်မတီအဖွဲ့အား ချပြရှင်းလင်းပြီး တာဝန်ရှိသူများက သတ်မှတ်နေရာ များတွင် မင်္ဂလာပန္နက်ရိုက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများသည် အောင်ချမ်းသာကျေးရွာတွင် မြစိမ်းရောင်အတိုးရငွေ (၈၁.၅) သိန်းဖြင့် ဆောင်ရွက်သော ကျေးရွာလမ်းမီး (၆၂) လုံးနှင့် မီးကြိုးတပ်ဆင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရှိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)