မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအား မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်သရုပ်ပြ

ပွင့်ဖြူ  ဒီဇင်ဘာ ၂၁


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်းပြီး ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးအား မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ဒီဇင်ဘာ ၂၁ ရက် ၊ မွန်းလွဲ ၂ နာရီက အဆိုပါ မြို့မစည်ပင်သာယာဈေးအတွင်း၌ ကျင်းပသည်။
အဆိုပါ မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်သရုပ်ပြသဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးအောင်သီဟက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ဈေးသူ ဈေးသားများနှင့် ဒေသခံပြည်သူများအနေဖြင့် မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးဘေး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန် အချက်များ ၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးအန္တရာယ် မဖြစ်အောင် စနစ်တကျ ကိုင်တွယ် အသုံးပြုနည်းများ ၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးသတ်ဆေးဗူးအသုံးပြု၍ အရေးပေါ် မီးငြှိမ်းသတ်နည်းစနစ်များ ၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အချိန်နဲ့ တစ်ပြေးညီ သတင်းပေးပို့သွားရန် စသည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ ၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ ဝင်များက မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး မီးငြှိမ်းသတ် ယာဉ်ဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်း ၊ မြို့မစည်ပင် သာယာဈေးရှိ မီးဘေးလုံခြုံရေးအတွက် စီစဉ်ထားရှိသော မီးသတ်ရေငုတ်များဖြင့် မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်း ၊ မီးသတ်ဆေးဗူးအသုံးပြု၍ ဆီမီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်းများကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသရာ  မြို့နယ်အုပ်ချုပ် ရေးမှူးနှင့် ဌာနဆိုင်ရာများ ၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှု ခဲ့ကြပြီး လက်တွေ့မီးငြှိမ်းသတ်နည်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်သရုပ်ပြသ ဆောင်ရွက်ရာသို့ မြို့နယ် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ ဥက္ကဌ ဦးအောင်မျိုးဆက်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဝန်ထမ်းများ ၊  မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးအောင်သီဟနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက တက်ရောက် လာသူ များကို မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
                                                                                                                                ရဲဝင်းနိုင် ( ညောင်ဦး )