တွံတေးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

တွံတေး သြဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နေလယ် ၂ နာရီက အုန်းပင်စုရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ တွံတေးခရိုင်၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ်သန်းကျော်မှ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်ကျော့ရှင်းဖြူမှ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများ အသိပညာပေးရှင်းလင်းခြင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယလဝကမှူး ဦးကျော်ကျော်အောင်မှ Online လိမ်လည်မှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ကျောင်းသား/သူများအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို(၂)ခုအား projector ဖြင့် ပြသပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ်သန်းကျော်၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်ကျော့ရှင်းဖြူ၊ မြို့နယ်ပညာရေးဌာနနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်