တိုက်ကြီးမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဆင့်ပွားအသိပညာပေးပွဲ ကျင်းပ

တိုက်ကြီး ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ အွန်လိုင်းပေါ်မှလိမ်လည်မှုများ၊ ငွေကြေးလိမ်လည်မှုများနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်နှင့် သတိပြုရှောင်ရှားနိုင်စေရန်ရည်ရွယ်ကာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဆင့်ပွားအသိပညာပေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း (မြို့မ)ရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။

ဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌက ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ အွန်လိုင်းပေါ်မှလိမ်လည်မှုများ၊ အွန်လိုင်းမီဒီယာပေါ်မှ ခေတ်စားနေသည့် ချေးငွေလုပ်ငန်းများနှင့် သတိပြုရှောင်ရှားသင့်သည့် အန္တရာယ်ရှိချေးငွေလုပ်ငန်းများ၊ အွန်လိုင်းသုံးစွဲသူများအတွက် လုံခြုံမှုရှိစေရေး အကောင်းဆုံးနည်းလမ်းများ၊ ပြောင်းလဲတိုးတက်နေသည့် အင်တာနက်နည်းပညာကိုအသုံးပြု၍ လူကုန်ကူးမှုများ၊ အွန်လိုင်းပေါ်မှ ဒုစရိုက်မှုများ၊ လိမ်လည်လှည့်စားလောင်းကစားမှုများကို ဆင်ခြင်ဥာဏ်ဖြင့် သတိပြုရှောင်ရှားရေးတို့ကို အသိပညာပေးပြောကြားသည်။

ထို့နောက် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန(LMLECC)မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုမှတ်တမ်း ၂ ခုအား ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)