နတ်မောက် ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဆောင်းသီးနှံများအနက် ဆီထွက်သီးနှံဖြစ်သော နှမ်း သီးနှံကို စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ၂၀၂၀-ပြည့်နှစ် မိုးရာသီကာလတွင် မိုးဦး မိုးနည်းပါးခြင်း၊ မိုးရွာ သွန်းမှုအကြိမ်ရေနည်းပါးခြင်းကြောင့် မိုးနှမ်းစိုက်ပျိုးရာ၌ အထွက်နှုန်း ညံ့ဖျင်းသဖြင့် တောင်သူများ အဆင် မပြေကြကြောင်း၊ မိုးဦးမိုးဖြင့် ဝါသီးနှံစိုက်ပျိုးရာတွင်လည်း မိုးနည်းပါးသဖြင့် ဝါအပင်များ ရှင်သန်သော် လည်း ဝါထွက်နှုန်းသိသိသာသာ ကျဆင်းလာကြောင်း သို့ဖြစ်၍ တစ်နိုင်တစ်ပိုင် ဆီစားသုံးနိုင်ရန်အတွက် ဆောင်းနှမ်းများကို ကျေးလက် တောင်သူ များက စတင်စိုက်ပျိုးလာကြကြောင်း လျှော်တောင်ရွာမှ တောင်သူ ဦးမြင့်ဦး ကပြော သည်။ “ အခုနှစ် တကယ်ပြောမယ်ဆိုရင် မိုးခေါင်တဲ့နှစ်ပေါ့ဗျာ၊ မိုးခေါင်တော့ မိုးစိုက်နှမ်းက မျိုးကိုမရသူ တွေများပါတယ်၊ ဒါကြောင့် စားသုံးဆီလိုအပ်ချက်နည်းနည်းဖြည့်နိုင် ဖြည့်နိုင်ဆိုပြီးတော့ ဆောင်းသီးနှံနှမ်း ကို ကျွန်တော့်တို့စွန့်စားကြဲရတာပါ။ မြန်မာလိုတော်သလင်းလဆန်း ၈ ရက် ၉ရက်လောက်မှာ ဆောင်းနှမ်း ကျဲဖို့ထွန်ရေးထယ်ရေးပြင်ရတယ်။ တော်သလင်းလဆန်း ၁၁ ရက်ကနေ ၁၃ ရက်နေ့အတွင်း ဆောင်းနှမ်းကို ကျဲကြပါတယ်။ အခုဆိုရင် ဆောင်းနှမ်း စိုက်တဲ့ရက်ကရက်ပေါင်း (၆၀)ကျော်လာလို့ နှမ်းတွေနှုတ်နေကြပြီး တချို့လည်း နှမ်းထောင် တွေဖြစ်နေပြီပေါ့။ နှမ်းဘယ်လောက်ထွက်မယ်ဆိုတာတော့ အတိအကျ ပြောမရ သေးပါဘူး၊ အခုရလာမဲ့ ဆောင်းနှမ်းကိုတော့ မရောင်းတော့ပါဘူး ၊ စားသုံးဆီအဖြစ် ကိုယ်တိုင်ကြိတ်ခွဲမယ်။ ဆီလည်းစားရတယ်၊ နွားအတွက် နှမ်းဖတ်တွေရမှာပေါ့” ဟု လျှော်တောင်ကျေးရွာမှ တောင်သူ ဦးဇော်မင်းဦး ကပြောသည်။
ဆောင်းနှမ်းကို နတ်မောက်မြို့နယ် အနောက်ဘက်ခြမ်း ၊ အနောက်မြောက်ဘက်ခြမ်း ကျေးရွာ များ က နှစ်စဉ်ပုံမှန်စိုက်ပျိုးကြပြီး ယင်းချောင်း၏အရှေ့ဘက် တောင်တွင်း-ကျောက်ပန်း တောင်း မီးရထားလမ်း အရှေ့ဘက် ကျေးရွာများသည် လွန်ခဲ့သော (၅)နှစ်ခန့် ကမှသာ စတင်စိုက်ပျိုး လာကြကြောင်းသိရသည်။
မူမူစန်း (နတ်မောက်)