မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များတပ်ဆင်ရေး ဆောင်ရွက်

လှည်းကူး ဒီဇင်ဘာ ၂၂

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်း ယာဉ်တိုက်မှုအန္တရာယ်များ ဖြစ်ပွားမှုမရှိ စေရန် လှည်းကူး-ဖောင်ကြီးလမ်းမပေါ်၌ မောင်းနှင်သွားလာနေသော  မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအန္တရာယ် ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း နှင့် နှာခေါင်းစည်း(Mask) များတပ်ဆင် ရေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။

လှည်းကူး-ဖောင်ကြီးလမ်းမပေါ်တွင် ပုံမှန်သွားလာနေသော မော်တော်ယာဉ်များ၊ ခရီးသည် ယာဉ်များ၊ စက်ရုံ/အလုပ်ရုံ များမှ ကြို/ပို့ပြုလုပ်နေသော မော်တော်ယာဉ်များ၊ စက်ဘီး/ ဆိုင်ကယ်စီးနင်းမောင်းနှင်သူများ၊ လမ်းသွားလမ်းလာများ အသုံးပြုမှုများပြားသဖြင့်  အဆိုပါ လမ်းမပေါ်၌ ယာဉ်တိုက်မှုအန္တရာယ်များ ဖြစ်ပွားမရှိစေရန် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များအား ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်မောင်းနှင်ရာတွင် အရှိန်ပြင်းမောင်းနှင်ခြင်းမပြုစေရန်နှင့် ယာဉ်မောင်းလျှင် အသက်ကယ်ထိုင်ခုံ ခါးပတ်ပတ် ထားစေရန် စသည့် စည်းကမ်းချက်များအားလည်းကောင်း၊ ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့် ဘေးကင်းလုံခြုံစိတ်ချရသော ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးသေချာစွာ တပ်ဆင် ပြီးမှ မောင်းနှင်စေရန်၊ အရှိန်ပြင်းမောင်းနှင် ခြင်းမပြုရန်၊ သတ်မှတ်ဦးရေထက်ပို၍ တင်ဆောင် မောင်းနှင်ခြင်းမပြုရန်၊ ဆိုင်ကယ်မောင်းနှင်ရာတွင် ရှေ့မီးအနိမ့်ကို နေ့/ည အချိန်တိုင်းတွင်ဖွင့်၍ မောင်းနှင်စေရန်စသည့် စည်းကမ်းချက်များ ပါဝင်သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာ ပေးလက်ကမ်း စာစောင်များအား ပြည်သူများဖတ်ရှုလေ့လာခြင်းဖြင့် ယာဉ်စည်းကမ်း၊လမ်း စည်းကမ်းဆိုင်ရာ များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာပြီး ယာဉ်တိုက်မှုအန္တရာယ်များကင်းရှင်းလာစေရန် ရည်ရွယ်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါကူးစက်ကာလအတွင်း နေအိမ်ပြင်ပ ထွက်ခွာ သွားလာသူတိုင်း နှာခေါင်းစည်း (Mask)တပ်ဆင်စေရန် အသိပညာပေးနှိုးဆော်၍ နှာခေါင်းစည်း(Mask)များကိုလည်း အခမဲ့ ဝေငှခဲ့ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)