သဲကုန်းမြို့နယ်ရှိ စီမံကိန်းလုပ်ငန်း ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု

သဲကုန်း  ဒီဇင်ဘာ  ၂၂

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်ဆောင်ရွက်သည့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်း မြို့နယ် လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယစက်ဝန်းမှ ရာသီဥတုအခက်ခဲကြောင့် မြေသားလမ်း လုပ်ငန်းနောက်ကျခဲ့သည့် ထန်းပင်မှော်ကျေးရွာအုပ်စု၊ ထန်းပင်မှော်ကျေးရွာနှင့် ကန်ကြီး ကျေးရွာတို့၏ မြေသားလမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေကို ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦး၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်ထွန်းနှင့် လူထုဗဟိုပြုစီမံကိန်းတာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်းကြည့်ရှု ခဲ့ရာ လုပ်ငန်းပြီးစီးမှုအခြေအနေ ၇၅% ပြီးစီးခဲ့ကြောင်းသိရသည်။

အဆိုပါ ခရိုင်ဦးစီးမှူးနှင့် အဖွဲ့သည် လုပ်ငန်းကို အနီးကပ်ကြီးကြပ် ဦးဆောင်သည့် လူထုစည်းရုံးရေးမှူး၊ လက်ထောက်နည်းပညာမှူး နှင့် ကျေးရွာကော်မတီခေါင်းဆောင်များအား မြေသားလမ်းလုပ်ငန်းခွဲ၏ ဘေးရေမြောင်းများကို ရေစီးရေလာကောင်းမွန်ရေးနှင့် မိသားစု အိမ်ခြံများ၏ ရေတွင်းများနှင့် နီးကပ်မှုရှိသော ရေမြောင်းများကို စနစ်တကျ ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထိုနောက် ကျေးရွာကော်မတီခေါင်းဆောင်များအား မိမိကျေးရွာရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့်ဆောင်ရွက်သည့် လူထု ဗဟိုပြုစီမံကိန်း၏ ဖွံ့ဖြိုးရေးအစီအစဉ်များ၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရသည့် အလေ့ အကျင့် ကောင်းများ၊ ဦးဆောင်မှုအခန်းကဏ္ဍများကို ရေရှည်ထိန်းသိမ်းဆောင်ရွက်ရန် အရေးကြီး ကြောင်း စသည်ဖြင့် တိုက်တွန်းအားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)