မြောက်ဥက္ကလာပ ဒီဇင်ဘာ ၂၂
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုမှ ပိုမိုထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ လူအများ အပန်းဖြေသွားလာသော နေရာဖြစ်သည့် ပန်းခြံများကို ယမန်နေ့ နံနက်ပိုင်းကစ၍ မြို့နယ်စည်ပင်မှ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေး ကြေညာချက်ဗီနိုင်းများကပ်၍ ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့် ဝန်ထမ်းများက (ဃ) ရပ်ကွက်ဥက္ကလာသီရိပန်းခြံ၊ (ဋ) ရပ်ကွက်ရှိကန်သာယာပန်းခြံ၊ ရွှေပေါက်ကံပန်းခြံ နှင့် ဝေဘာဂီ ရပ်ကွက်ရှိ မြရည်နန္ဒာပန်းခြံတို့အား ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့မှ ၃၁ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းကို ဗီနိုင်းများဖြင့် အသိပေး ကြေညာထားပြီး ညပိုင်းအချိန်တွင် မလိုလားအပ်သည့် ပြဿနာ မပေါ်ပေါက်စေရေးအတွက် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအောင်မြင် ကြီးကြပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များက(ဃ)ရပ်ကွက်၊ ဥက္ကလာသီရိ ပန်းခြံရှေ့၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)