တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်းတစ်လျှောက် လူသွားစင်္ကြန်ပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ၂၂

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာ ကောင်းမွန် စေရေးနှင့် လမ်းပန်းဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး တို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း မြို့နယ်အတွင်းရှိ ပြည်သူ များနှင့် လမ်းသွားလမ်းလာများ သွားရေးလာရေးတွင် ယာဉ်အန္တရာယ် ကင်းဝေးစွာဖြင့် သွားလာနိုင်စေရေးအတွက် တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်းတစ်လျှောက် လူသွားစင်္ကြန် လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တာမွေမြို့နယ်အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများ သွားရေးလာရေးတွင် ယာဉ်အန္တရာယ် ကင်းဝေးစွာဖြင့် သွားလာနိုင်စေရေးအတွက် လူသွားစင်္ကြန်လုပ်ငန်း ဆောင်ရွက် ပေးနေမှုအပေါ် ရပ်ကွက်နေပြည်သူတစ်ဦးကလည်း " အခုလို လူသွားစင်္ကြန် လုပ်ငန်း ဆောင်ရွက်ပေးတာဟာ မြို့နယ်အတွင်းရှိ ပြည်သူတွေအတွက်သာမက လမ်းသွား လမ်းလာ များနှင့် ခရီးသွားပြည်သူများအတွက် များစွာအကျိုးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာ ဟာ လူအသွားအလာ များသလို၊ ယာဉ်အသွားအလာလည်း များပါတယ်။ ယခင်က ဒီနေရာမှာ ရှိတဲ့ လူသွားစင်္ကြန်ဟာ ပျက်စီးယိုယွင်းနေတဲ့အတွက် ကျွန်တော် အပါအဝင် လမ်းသွား လမ်းလာအချို့ ကားလမ်းမပေါ်က သွားလာကြရပါတယ်။ အဲဒီအတွက် ယာဉ်အန္တရာယ်လည်း အမြဲတမ်း ကြုံတွေ့ရပါတယ်။ ယခုလို လူသွားစင်္ကြန် အသစ်ပြုလုပ်ပေးတဲ့အတွက် လမ်းသွား လမ်းလာများနှင့် ရပ်ကွက်နေပြည်သူ များအနေဖြင့် ယခင်ကထက် သွားရေးလာရေးတွင် ယာဉ်အန္တရာယ် ကင်းဝေးစွာဖြင့် သွားလာနိုင်တော့မှာ ဖြစ်တဲ့အပြင် လမ်းအသုံးပြုသူ ပြည်သူတွေအနေနဲ့လည်း ယာဉ်အန္တရာယ်မှ ကင်းဝေးအောင် လူသွားစင်္ကြန်ပေါ်ကနေ စနစ်တကျ သွားလာကြဖို့ တိုက်တွန်းချင်ပါတယ် " ဟု ပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ကျိုက္ကဆံလမ်း တစ်လျှောက် ဆောင်ရွက်လျက်ရှိသော လူသွားစင်္ကြန်မှာ အလျားပေ(၄၀၀)၊ အကျယ် (၅)ပေနှင့် အမြင့် (၉)လက်မရှိပြီး တိုင်းဒေသကြီးလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တာမွေ မြို့နယ် စည်ပင်သာယာရေးကော်မတီ (လမ်းနှင့်တံတားဌာန)မှ တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)