စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် တိုင်ထောင်ခရမ်း ချဉ်သီးပင် စိုက်ပျိုး သူများ မိသားစုဝင်ငွေရကာ အဆင်ပြေ

ဝက်လက် ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျီးကန်ကျေးရွာတွင် တိုင်ထောင် ခရမ်းချဥ်သီးပင်စိုက်ပျိုးသူများ နေ့စဉ်ဝင်ငွေရရှိကာ  မိသားစု စီးပွားရေး အဆင်ပြေ လျက်ရှိ ကြောင်း သိရသည်။

ခရမ်းချဉ်ပင်များကို စိုက်ပျိုးရာတွင် ခရမ်းချဉ်သီး မျိုးစေ့အိတ်များ ဝယ်ယူ၍ မျိုးစေ့ တစ်စေ့ချင်းစီကို အိတ်ထဲတွင်သဲနှင့်ဆေးထည့်ပြီး ပျိုးပေးရကြောင်း၊ ပျိုးပင်များ (၂၈)ရက် ကြာမှာ အပင်အကွာအဝေး ၂ပေခြာ စိုက်ပျိုးပေးရကြောင်း၊ စိုက်ပြီးရက်(၂၀)ကြာမှာ အပွင့်ဝင် လာလျှင် အပင်ကိုတန်းထိုးပေးခြင်း၊ မှိုဆေးပက်ဖြန်းပေးရခြင်း၊ အသီးအကင်းဝင်လာလျှင် မြေဆီ စကျွေးပေးခြင်းနှင့် အပင်ညွန့်များကို ကြိုးနဲ့ ချည်ပေးရကာ စိုက်ပျိုးပြီး(၃)လအကြာမှာ ခရမ်းချဥ်သီးများစတင်ခူးဆွတ်ရကြောင်းလည်း သိရသည်။ အပင်(၈၀၀)အတွက် ကုန်ကျစရိတ် မှာ(၂)သိန်းရှိပြီး နေ့စဥ်ပိဿာချိန်(၂၀)ထွက်ရှိကာ တစ်ပိဿာလျှင် (၇၀၀)ကျပ်နှုန်းဖြင့် ဖောက် သည်ပေးသွင်းရပြီး ပုံမှန်ဝင်ငွေအဖြစ် နေ့စဥ်ကျပ်(၁၅၀၀၀)ရရှိကာ မိသားစု အိမ်တွင်းစီးပွားရေး အဆင်ပြေလျှက်ရှိကြောင်းကို ခရမ်းချဉ်စိုက်ပျိုးသူ ဦးခင်မောင်အေး၏ ပြောကြား ချက်အရ သိရ သည်။

ဝက်လက်မြို့နယ်အတွင်းမှာ ခရမ်းချဉ်ပင်စိုက်ပျိုးခြင်းကို ကျီးကန်ကျေးရွာ၊ မူးကမ်းလေး ကျေးရွာ၊ ကျောက်တိုင်ကျေးရွာ၊ ရွှေပန်းကုန်းကျေးရွာ၊ တည်တောကျေးရွာ၊ ခေါတောကျေးရွာ၊ မူးကြီးကျေးရွာများ ၌လည်း မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်းလည်း သိရသည်။

အိမွန်ထွန်း(ဝက်လက်)