ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေး ကြပ်မတ် စစ်ဆေး

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို  အချိန်နှင့် တပြေးညီ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပြီး ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ     နေအိမ်ပြင်ပထွက်သူတိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကို အထူး ကြပ်မတ် စစ်ဆေး ဆောင် ရွက်လျက် ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် တို့ဦးဆောင်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာရေး ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ  မြို့နယ် အတွင်းရှိ မြို့မဈေး၊ စက်တပ်ရေယာဉ် (သမ္ဗန်ဆိပ်)အနီး၊ ဗဟိုလမ်း၊ ရှုခင်းသာမြို့ပတ်လမ်းနှင့် အခြား နေရာများတွင်  ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ အကြောင်းအမျိုးမျိုးဖြင့်နေအိမ်ပြင်ပ သွားလာသူများအား ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask စနစ်တကျတပ်ဆင်ပါရှိရေးကြပ်မတ် စစ်ဆေးခြင်းနှင့် အကာအကွယ်  Mask မပါရှိသူများအား စစ်ဆေး‌‌ တွေ့ရှိပါက ဒဏ်ငွေ ဆောင်စေပြီး Mask တစ်ခုပေးကာ ချက်ချင်း စနစ်တကျ တပ်စေခြင်း၊  ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက်ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များအား ပညာ ပေး ပြောကြားခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ‌ သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ဒီဇင်ဘာလ (၂၁)ရက်နေ့ ည(၈)နာရီ အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၀၈)ဦး နှင့် သေဆုံးသူ (၁၄)ဦးရှိပြီ ဖြစ်၍ ယခုကဲ့သို့ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)