ခရမ်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားခွဲရုံများမှ 33/11 KV ဓာတ်အားလိုင်းကြိုးဆွဲနိုင်ရေး ကွင်းဆင်း တိုင်းတာ ညှိနှိုင်းဆွေးနွေး

ခရမ်း ဒီဇင်ဘာ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ဓာတ်အားခွဲရုံများနှင့် ချိတ်ဆက် ဆောင်ရွက်မည့် 33/11 KV ဓာတ်အားလိုင်းကြိုးများ အဆင်ပြေချောမွေ့စွာ လိုင်းကြိုး ဆွဲနိုင်ရေးအတွက် တိုင်များ စိုက်ထူနိုင်ရန်အတွက် မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် လမ်းဦးစီးဌာန၊ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် တည်ဆောက်ရေး ကုမ္ပဏီ တာဝန်ခံတို့က ယမန်နေ့ နေ့လယ်က ဓာတ်အားလိုင်းကြိုးသွယ်တန်းမည့် လမ်းတစ်လျှောက် ကွင်းဆင်း တိုင်းတာစစ်ဆေး၍ စိုက်ပျိုးလယ်မြေပိုင်ရှင်များနှင့် တွေ့ဆုံ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းတိုင်းတာ စစ်ဆေးရာသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး ၊ မြို့နယ်အုပ်ချုပ်ရေမှူး ဦးမင်းဆန်းထွန်း ၊ ခရမ်းမြို့နယ် လမ်းဦးစီးဌာနမှ SAE ဦးအေးမျိုးထွန်း ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးစိုးနိုင်ဦး ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးစည်သူနှင့် တာဝန်ယူဆောင်ရွတ်မည့် HT-LT ကုမ္ပဏီမှ တာဝန်ရှိသူများက လိုင်းဆွဲဧရိယာ သတ်မှတ်၍ တိုင်းတာခဲ့ကြပြီး စိုက်ပျိုးလယ်ယာမြေအတွင်း ကျရောက်ခဲ့သည့် လျှပ်စစ်တိုင်များအတွက် လယ်ယာမြေ ပိုင်ရှင် တောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ဓာတ်အားခွဲရုံများ အားလုံး တည်ဆောက်ပြီးစီး၍ 33/11KV ဓာတ်အားလိုင်းကြိုးများ အားလုံး သွယ်တန်းပြီးစီးခဲ့ပါလျှင် ခရမ်း တစ်မြို့နယ်လုံး ၁၀၀ ရာနူန်းပြည့် မီးလင်းတော့မည် ဖြစ်ကြောင်း မြိုနယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရှိရသည်။

ကိုမင်း(ခရမ်း)