ရန်ကုန် ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ မြို့ဝင်၊မြို့ထွက်များတွင် ပြည်သူများ နေအိမ်ပြင်ပသို့ မလိုလားအပ်ဘဲ မထွက်စေရေးကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်ကာ တစ်ပါကွေ့နှင့် တညင်းကုန်း လမ်းဆုံအနီး ဆောက်လုပ်ရေး မှတ်တိုင်တို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများက အထူးကြပ်မတ် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် ရွှေပြည်သာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် ဖြတ်ကျော်သွားလာနေကြသော မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ စက်ဘီးများ၊ လမ်းသွား လမ်းလာသူများကို ကြပ်မတ်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး ကျန်းမာရေးကိစ္စနှင့် ကုန်စည်စီးဆင်းနိုင် ရေးတို့အတွက် ဝင်ရောက်လာပါက သက်ဆိုင်ရာ ထောက်ခံချက်များအား စိစစ်၍ မြို့နယ်အတွင်းသို့ ဝင်ရောက်ခွင့်ပြုခြင်း၊ ပြည်သူများ မိသားစုကျန်းမာရေးနှင့် စားရေးသောက်ရေး ဈေးဝယ်ခြင်းကိစ္စ များမှ လွဲ၍ မလိုလားအပ်ဘဲ သွားလာမှု မရှိစေရေး စသည်တို့ကို အသိပညာပေး ကြပ်မတ်စစ်ဆေးခဲ့ရာ ရွှေပြည်သာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနများမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်း လုပ်ငန်း များကို ပူးပေါင်း ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ်ခန်းမတွင် ဖျားနာကု ဆေးခန်း(၁)နှင့် ကန့်သတ်စောင့်ကြည့်စင်တာ(၁၅)ခု ဖွင့်လှစ်ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို၊ အေးအေးမိုး(ပြန်/ဆက်)